33

1.7K 120 12
                                    


ညနေရောက်ပြီမို့ ရှင်းသန့်အခန်းထဲကထွက်လာလိုက်သည်။ ထမင်းဟင်းတွေကအမေချက်ပြီးသွားပြီမို့ အိမ်ကိုတစ်ရက်နှစ်ရက်ပြန်လာတဲ့နေ့တွေဆို ရှင်းသန့်ကအငြိမ်ပင်။ ရှင်းသန့်တို့အိမ်က ထမင်းစားပွဲမှာလူစုံအောင်စောင့်ပြီးမှအတူတူစားသည့်အကျင့်မရှိကြ။ အမေကပဲစမလုပ်၍လား အဖေကပဲမတိုက်တွန်း၍လားတော့မသိ ငယ်ငယ်တည်းက ထမင်းလက်စုံသိပ်မစားဖြစ်ပေ။ အများအားဖြင့်အတူတူစားဖြစ်တာက ရှင်းလွင်နှင့်ဖြစ်ပြီး ရှင်းသန့်အဆောင်နေကတည်းကနေ ကောလိပ်တက်အလုပ်ရသည်အထိကအိမ်မှာနေဖြစ်တာရှားတာမို့ မိသားစုနှင့်မစားဖြစ်တော့ပေ။ ဗိုက်ဆာတဲ့အချိန်ကောက်စားလိုက်တာပေ။

ရှင်းသန့်ထမင်းစားမည်ပြင်ပြီးမှ ဖုန်းအားမသွင်းရသေးတာသတိရ၍ ဧည့်ခန်းမှာအားသွင်းထားလိုက်၏။ ထို့နောက်ထမင်းစားနေလိုက်သည်။

အိမ်ရှေ့ကတံခါးဖွင့်သံကြားသည်မို့အမေပြန်လာပြီထင်သည်။ အမေဝင်လာတော့ ရှင်းသန့်ဖုန်းမှ ဖုန်းဝင်လာခဲ့သည်။ ရှင်းသန့်စားလက်စနှင့်မို့မထရသေးခင် ဧည့်ခန်းထဲရောက်နေသည့် အမေကဖုန်းကိုကြည့်လိုက်သည်ထင်သည်။ ပြီးနောက်ထမင်းစားခန်းထဲရှိနေသည့်ရှင်းသန့်ကိုတစ်ချက်လှည့်ကြည့်လာသည်။ မထလာသေးတာတွေ့တော့...

"ရှင်းသန့်ဖြူ!!!ဖုန့်လာနေတာကိုလာမကိုင်သေးပဲဘာထိုင်လုပ်နေတာလဲ။ အရေးကြီးဖုန်းဆိုမင်းလုပ်ပုံနဲ့တော့လွှဲသွားတော့မှာပဲ။ နှေးတိနှေးကွေးနဲ့လုပ်နေတာ မြန်ဆန်သွက်လက်မှုကိုမရှိဘူး။ "

ရှင်းသန့်သက်ပြင်းချလိုက်ကာ.....

"လာပြီလို့... အမေကလည်း ပြောမယ်ဆိုတာကြီးပဲ။ ဒီမှာလက်ဆေးနေလို့ပါဆို။ "

"အေး!!!ပြောလိုက်ရင်အမြဲအဲ့လိုကြီးပဲ။ ငါ့ပြောစကားဘာမှကိုနားမထောင်ဘူး။"

ရှင်းသန့်ပြန်မပြောချင်တော့ပေ။ အမေကိုကြည့်ရတာအပြင်ကနေစိတ်တိုစရာကြုံလာသည်ထင်သည်။ နည်းနည်းလေးပြောမိတာနှင့်စိတ်တိုနေတာဆိုတော့ ရှင်းသန့်ပြန်မပြောဖြစ်တော့။

ရှင်းသန့်အပြေးလေးကြည့်လိုက်တော့ ဆက်တဲ့သူက ကျောင်းအုပ်ဆရာမကြီးဖြစ်နေသည်။ ဖုန်းကိုင်ကာဖြေလိုက်သည်။

Why! ongoing/unicode(GL)Where stories live. Discover now