1

8.5K 244 13
                                    


"ဒုန်း!!!"

ကြမ်းတမ်းလှသည့်တံခါးဖွင့်သံကြောင့် အိပ်နေရင်းလန့်နိုးလာရသည်။လုပ်ပြန်ပြီ ဒီလဒမကတော့။အကောင်းဆုံးအချိန်တွေကိုမှရွေးပြီး ဖျက်လိုဖျက်ဆီးလုပ်တတ်သည့် ဂျူနီယာညီမလေးပင်။အခြားအခန်းတွေမှာတော့ပြဿနာမရှိကြပေမဲ့ ဒီအခန်းကတော့ နှစ်ယောက်ဆုံတာနှင့်ကောင်းသည့်အရာတစ်ခုမှဖြစ်မလာခဲ့ပေ။

ရှင်းသန့်ဖြူ တစ်သက်နှင့်တစ်ကိုယ် ဒီလောက် မိန်းကလေးဖြစ်ပြီးအလိုက်မသိတတ်သည့်လူမျိုးကို မြင်တောင်မမြင်ဖူးခဲ့။ယောကျ်ားလေးဖြစ်နေရင်လည်းတစ်မျိုး။ခုက သူနဲ့ကိုယ်နဲ့လည်း တွေ့ဖူးတာဖြင့် နှစ်ပတ်တောင်ကောင်းကောင်းမပြည့်ချင်။ဆယ့်နှစ်ရက်လောက်မှာ အစ ငါးရက်လောက်တော့ အဆင်ပြေနေပေမယ့် ရုတ်တရက်ကြီး ရန်လာရှာသည့် ဂျူနီယာညီမလေးအဖြစ်သို့ ညတွင်းချင်းရောက်ရှိသွားခဲ့ရသည်။ထိုနေ့ညကစပြီး နိုးထလာသည့်မနက်ခင်းတိုင်းက ရှင်းသန့်ဖြူအတွက်တော့ နတ်ပြည်ကနေ ငရဲပြည်ကိုခုန်ဆင်းလိုက်ရသည့် ခံစားချက်မျိုး။

မနေ့က ညနက်သည်အထိ ဇာပန်းထိုးနေသောကြောင့်ခါတိုင်းအိပ်ချိန်ထက် တော်တော်လေးကို နောက်ကျသွားခဲ့သည်။အိပ်ချိန်နောက်ကျတဲ့အတွက် အိပ်ရေးမဝလို့ စိတ်မကြည်ရတဲ့ကြားထဲ နိုးလာတော့လည်း စိတ်အနှောင့်အယှက်နှင့် ကြုံရပြန်တော့ စိတ်မတိုလွယ်သည့်ကိုယ်တောင် ဒေါသထွက်ချင်ချင်။

တွေးနေရင်းမှပင် တစ်ဖက်ကုတင်ထံမှ စာအုပ်ဆောင့်ချသံက ကျယ်လောင်စွာထွက်ပေါ်လာပြန်သောကြောင့် သည်းမခံနိုင်တော့။တော်ရောပေါ့....တစ်ပတ်ကျော်သည်းခံခဲ့တာ။ကိုယ်ကသူ့ထက်ကြီးတာကြောင့် သည်းခံပေးနေခဲ့တာကို။စိတ်တိုတိုနှင့် ​ခေါင်းမြီးခြုံအိပ်နေရာမှ ဆတ်ကနဲထထိုင်လိုက်ပြီး တစ်ဖက်ကုတင်ဘက်ကိုလှည့်ကြည့်လိုက်တော့ ကိုယ့်ကိုစိုက်ကြည့်နေသည့် ရိုင်းစိုင်းသည့်အကြည့်တွေနှင့် တည့်တည့်ဆုံမိ၏။

ခြင်ထောင်ကဇာနှင့်ဖြစ်သောကြောင့် တစ်ဖက်လူ၏မျက်နှာကိုမြင်နေရသည်။ထိုအကြည့်ကြောင့်ဆက်ပြီးသည်းမခံနိုင်တော့။ခြင်ထောင်ကိုဆွဲလှန်လိုက်ပြီးမျက်နှာမုန်ကုတ်ကုတ်နှင့်စိုက်ကြည့်ပေးလိုက်သည်။

Why! ongoing/unicode(GL)حيث تعيش القصص. اكتشف الآن