Part-4

6.1K 160 1
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄)

"ဟင်.. ဒါ ဒါကဘာဖြစ်လာသလဲ.."

အိမ်ထဲဘောက်ဆတ်ဘောက်ဆတ်ဝင်လာသော တာရာကိုကိုကြည့်ပြီး ဟေဒီတစ်ယောက်အလန့်တကြားထအော်တော့သည်။

မအော်ဘဲနေမည်လား..။ ကျောင်းဆင်းချိန်ရောက်၍ အိမ်ပြန်လာသည့်အသွင်အပြင်ကိုလည်း ကြည့်ဦးလေ။ ဝတ်ထားသည့်အဖြူရောင်အင်္ကျီက ပေတလူးခါနေသလို၊ ဆံပင်တွေကလည်း ဖွာကြဲလန်နေသည်။ လွယ်အိတ်ကြိုးကလည်း တစ်ဖက်ပြတ်နေသလို ဖိနပ်လည်းပါမလာဘဲ ခြေဗလာနှင့်ဝင်လာသည်။

အတော့်ကိုဆိုးဆိုးဝါးဝါးဖြစ်ပျက်နေသည့်ပုံကိုကြည့်ပြီး ဟေဒီမှာစိတ်တိုသွားပြီးတစ်စုံတစ်ရာအော်ဟစ်ရန် ပြင်ပြီးမှ နှုတ်ခမ်းတွေကတန့်သွားသည်။ ဖြူနုဝင်းဖန့်သော တာရာ​လေး၏မျက်နှာပေါ်၌ အညိုအမည်းစွဲနေသော ဒဏ်ရာဒဏ်ချက်များကို တွေ့လိုက်ရသောကြောင့်ပင်။

"တာရာ.. ကလေး ဘာဖြစ်လို့လဲ ဘယ်သူက ဘာလုပ်လို့လဲ"

ခုနကထွက်မိသည့်ဒေါသတွေအစား စိုးရိမ်မှုတွေကဝင်လာပြီး ဟေဒီအလောတကြီးပင် မေးလိုက်တော့သည်။

တာရာကမဖြေ။ မျက်ရည်လေးဝဲနေသည့်တိုင် မျက်နှာလေးကို မှုန်ကုပ်တင်းမာထားသည်။ နှုတ်ခမ်းသေးသေးလေးတို့ကိုလည်း တင်းတင်းစေ့ထားပြန်သေးသည်။ ဟေဒီ သူမလေး၏ပုခုံးကိုညင်သာစွာဆုပ်ကိုင်လိုက်ပြီး

"တာရာလေး.. သမီးကိုမမမေးနေတယ်လေ ဘာဖြစ်လာရသလဲ မဟုတ်မှလွဲလို့ ရန်ဖြစ်လာပြန်သလား.."

မျက်နှာမှုန်ကုပ်ကုပ်နှင့်ခေါင်းညိတ်ပြသည်။ နှုတ်ခမ်းလေးကိုတော့ တင်းတင်းစေ့ထားဆဲ။ ဟေဒီ သက်ပြင်းချလိုက်ရင်း

"ရန်မဖြစ်ရဘူးလို့ မမမဆုံးမထားဘူးလား မိန်းကလေးဖြစ်ပြီး ဒီလိုခဏခဏရန်ဖြစ်တာက မကောင်းဘူးနော်.."

ဆူချင်သော်လည်း တော်တော်လေးညိုမည်းနေသောမျက်နှာနုနုလေးကိုကြည့်ပြီး ဟေဒီမှာ မဆူရက်ပြန်။ လူကောင်လေးက သေးသေးလေးနှင့် ထစ်ခနဲ့ဆိုလက်ပါတတ်သော ဒီကလေးက ခဏခဏရန်ဖြစ်တတ်သည်မို့ မဆန်းလှသော်လည်း တစ်ခါမှဒီလိုမျိုးဆိုးဆိုးဝါးဝါး မဖြစ်ဖူးပါ။

🖤Until the End of Time 🖤 Where stories live. Discover now