Part-80

1.1K 76 1
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈၀)

မျက်လုံးတွေဖွင့်လိုက်သည်နှင့် သတိပြုလိုက်မိသည်က မျက်နှာကြက်ဖြူဖြူ။ ပြီးနောက်မနှစ်မြိုဖွယ်ကောင်းသော စိမ်းရှရှဆေးရနံ့တွေ။

"သမီး.. သတိရလာပြီလား"

နောက်ထပ်တွေ့ရသည်ကတော့ စိုးရိမ်ပူပင်မှုတွေနှင့်ကြည့်နေသည့်ဒေါ်တိမ်ရွှေစင်၏မျက်နှာပဲ ဖြစ်ပါသည်။

ဒါ.. သူမရဲ့အဒေါ်အရင်းတဲ့လား။ ဝမ်းနည်းမှုနှင့်အတူ ပထမဆုံးအကြိမ်တွေးလိုက်မိသည်က သူမကဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်မဟုတ်ဘူးဆိုတာပဲ။

ထို့အတူမျက်လုံးထဲ မြင်ယောင်လာသည့်ပုံရိပ်တွေကတော့...

"မိုးရွာနေတယ်လေ သမီးရယ် မိုးရေထဲမဆော့ရဘူးနော်"

"ခစ်... ခစ်"

"ဒီကလေးပြောစကားနားမထောင်ဘူးပဲ တွေ့မယ်မျောက်စုတ်ကလေး"

"လိုက်ဖမ်းလေ တီတီ.."

"မိပြီ မျောက်ကလေးကို ဖမ်းမိပြီ"

အမြဲမိုးရေထဲခိုးဆော့တတ်သည့်သူမကို လိုက်ဖမ်းတတ်သည့်အမျိုးသမီး။ ချစ်ခြင်းမေတ္တာအပြည့်နှင့် ကြင်နာတတ်သည့်အမျိုးသမီးလေး။ သူမအိပ်မက်ထဲမြင်မက်တတ်သည့် နူးညံ့သိမ်မွေ့လှသောအဆိုပါအမျိုးသမီးကာ သူမအမေဖြစ်မနေဘဲ တီတီဟုသူမခေါ်သော အဒေါ်ငယ်လေးဖြစ်နေပါလား။

ဟုတ်ပါသည်လေ.. သူမကမိဘရင်းတွေထက်စာလျှင် နူးညံ့လှပသည့်အဒေါ်ငယ်နှင့်အတူနေထိုင်ကြီးပြင်းလာခဲ့ရသည်ပဲ။ ထို့ကြောင့်လည်း ကလေးဘဝကမှတ်ဉာဏ်တွေအားလုံးက အဒေါ်ဖြစ်သူနှင့်ပိုချိတ်ဆက်နေသည်ထင်ပါရဲ့။

"အို.. သမီးရယ် ဘာလို့ငိုနေရတာလဲ အခုမှသတိရလာတာကို ဒုက္ခပါပဲမငိုရဘူးလေနော်"

အထိတ်တလန့်ဆိုလိုက်သည့်ဒေါ်တိမ်ရွှေစင်အသံကြားတော့မှ ဘယ်အချိန်ကတည်းကမျက်ရည်စီးကျနေမှန်းကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိတော့ပါ။ တရိပ်ရိပ်ထင်လာသည့်မှတ်ဉာဏ်တွေဟာ ငယ်ရွယ်လွန်းသည့်အချိန်ဖြစ်၍ အကုန်လုံးကို မဖမ်းဆုပ်နိုင်သည့်တိုင် တချို့တလေကိုတော့ မှတ်မိနိုင်ခဲ့ပါသည်။ ထိုမှတ်မိလာခြင်းနှင့်အတူ တိုးဝှေ့လာသည်ကဆို့နင့်နာကျင်မှုတွေပဲဖြစ်၏။ ထို့ကြောင့် ဒီမျက်ရည်တွေက ကိုယ်ကိုယ်တိုင်တောင်မသိဘဲ စီးကျလာခဲ့သည်လား။

🖤Until the End of Time 🖤 Where stories live. Discover now