✽ အပိုင်း ၁၅ ✽

3.7K 91 0
                                    


လူတစ်ယောက်တွင်ကိန်းဝပ်နေသည့် စိတ်ဒဏ်ရာအတိမ်အနက်တို့မှာ ထိုသူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့်ခံစားချက်များပေါ်မူတည်၍ကွဲပြားလျက်။

ကိုယ်ပေါ်ကဒဏ်ရာများထက် စိတ်နှလုံးသားထဲကဒဏ်ရာများက ကုသရန်အချိန်ကြာမြင့်ပြီး ခက်ခဲပေသည်။ ကိုယ်တိုင်ကိုယ်ကျ စိတ်ကိုပြန်ကုစားဖို့ရာလည်း အပြောစကားများလောက် မလွယ်ကူနေပေ။

ဂရုစိုက်မှုများနှင့်မေတ္တာတရားများအား အမှန်တကယ်ပေးစွမ်းနိုင်သော အေးချမ်းရာရပ်ဝန်းတစ်ခုတွင်နေထိုင်ရင်း အချိန်ယူကုစားရန်မှာ အရေးကြီးဆုံးသာ။

နေဟန်မှိုင်းအတွက်မူ သိမ်မွေ့စံနွယ်ရှိရုံနှင့် သူ၏စိတ်ဒဏ်ရာများကို တဖြည်းဖြည်း အချိန်ယူကာ ကုစားနိုင်လာပေသည်။

----

​ကျောင်းယူနီဖောင်းဝတ်ထားသောကျောင်းသားလေးမှာ Ferry ပေါ်ကနေ ပျော်ရွှင်စွာ မြေပြင်သို့ ဆင်းသက်လာသည်။ သူ့လက်ထဲတွင်မူ လစဥ်ပညာအရည်အချင်းမှတ်တမ်း report card ကလေးအား ကိုင်ထားသည်။

သူနေထိုင်ရာအိမ်ဆီသို့ ခြေလှမ်းများက တက်ကြွစွာ လျှောက်လှမ်းသွားသည်။ ခြံတံခါးသည် သော့မခတ်ထားဘဲ ဟနေခဲ့သဖြင့် မျက်ခုံးလေးပင့်တက်သွားသည်။ ထို့နောက် ခြံတံခါးအား တွန်းဖွင့်ပြီး အိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်လာ၏။

သို့သော် ဧည့်ခန်းထဲ၌ ရန်ပဋိပက္ခဖြစ်နေသောစကားများသံများက ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်ကို ကြားရလျှင် လုံခြုံသည့်တစ်နေရာမှာ ပုန်းကွယ်နေခဲ့သည်။

" ခင်ဗျားက ဒီအိမ်နဲ့ရပိုင်ခွင့်တွေကိုအပိုင်စီးချင်နေတာလား ဝင်းဖေ "

" မင်းအစ်ကိုကို ခုလိုသောက်သံနဲ့ပြောစရာလား၊ အမေနဲ့အဖေက ငါ့နာမည်နဲ့အကုန်လွဲပေးသွားတာ၊ မင်းကိုလည်း အိမ်တစ်လုံးအမွေပေးသွားတာပဲ၊ ဘာတွေလာလောဘတက်နေတာလဲ အေးဖေး "

" ဪ ... သူတို့ပေးခဲ့တဲ့အိမ်ခြံက တော်တော်တန်ဖိုးရှိတာကိုး၊ ဇနပုဒ်လိုနေရာ ချောင်ကျတဲ့မြေကွက်နဲ့အိမ်၊ ပြန်ရောင်းစားရင်တောင် ဈေးကောင်းမရဘူး၊ အမွေရတဲ့ငွေသားပမာဏကလည်း ခင်ဗျားရတာနဲ့ယှဥ်ရင် ၄ ပုံ ၁ ပုံလောက်ပဲ၊ မွေးထားတဲ့သားချင်းတူတူတောင် ခွဲခြားခွဲခြားနဲ့ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now