PART [ 7 ]

1.6K 204 28
                                    

[ Zawgyi ]
 
နောက်တစ်မနက်မှာတော့ နွမ်းမှာ ဒါလင်ရဲ့ ရင်ခွင်ထဲကနေ နိုးထလာရပေမဲ့လည်း ပျော်ရွှင်မှုမရှိသလို စိတ်ခံစားချက်ကလည်း အကောင်းကြီးဟုတ်မနေ။ ကျိန်းစက်နေတဲ့ မျက်လုံးတွေကြောင့် ခေတ္တတော့ ပြန်ပိတ်လိုက်ပေမဲ့ ဆက်အိပ်နေလို့လည်းမဖြစ်တာကြောင့် စောင်ကိုလှပ်ပြီး မွေ့ရာပေါ်က ဆင်းမယ်ကြံတော့ ဒါလင်က မျက်လုံးဖွင့်ကြည့်လာသည်။

"ကိုယ့်ကိုစာရေးခဲ့ပြီး အရင်ထွက်သွားနှင့်ဦးမလို့လား နွမ်း .................. "

မနက်ခင်းနိုးခါစ ဒါလင့်ရဲ့ပုံစံက ကြည့်ကောင်းပေမဲ့ သူမပြုံးမိသလို အိပ်ထားတာကြောင့် အနည်းငယ်လျော့ရဲနေတဲ့ ခါးစည်းကြိုးကိုပဲ သေချာပြင်စည်းလိုက်တော့သည်။

"အစကတော့ အဲ့လိုလုပ်မလို့ပဲ ............... အခု ဒါလင်ကနိုးလာပြီဆိုတော့လဲ နံနက်စားပြီးမှပြန်ပါတော့မယ်"

"ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား?"

"ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်ရှိလို့လား ဒါလင်"

နွမ်းရဲ့ လေးလေးပင်ပင်စကားကို ဒါလင်က တုန့်ပြန်မှု ချက်ချင်းမလုပ်ဘဲ ရှေ့နားတိုးလာကာ ပိုးဖဲသားဖုံးအုပ်ထားတဲ့ ကိုယ်ထည်ကို ပခုံးကနေဆုပ်ကိုင်လာသည်။

"မင်းစိတ်ဆိုးစိတ်ကောက်တာကို ကိုယ်ချော့နိုင်တယ် ၊ မင်းကြိုက်သလောက် ဆိုးစမ်းပါလေ ကိုယ်ချော့ပေးမယ် ၊ ဒါပေမဲ့ ကိုယ်မမှာတဲ့ ကိစ္စကိုတော့ မတောင်းပန်နိင်ဘူး"

"ဒါလင်က သိပ်ပြောရခက်တယ်"

"သန်းခေါင်နဲ့မတွေ့စေချင်တာက မင်းကိုစိတ်ထိခိုက်သွားစေတယ်ဆိုတာကိုတော့ ကိုယ်သဘောမကျဘူးနွမ်း ၊ လတ်တလောမှာ အရှုပ်အရှင်းကိစ္စတွေက လူတိုင်းပါးစပ်ဖျားမှာ ပြောနေကြတုန်း ၊ သတင်းသမားတွေကလဲ စုံစမ်းနေတုန်း ၊ ဒီကိစ္စတွေထဲ မင်းကိုမပါစေချင်ဘူး"

"ဒါလင်ကတော့ ဆင်ခြေတွေသိပ်ပေါတာပဲ"

"အကြောင်းပြချက်ကို ဆင်ခြေလို့ခေါင်းစဉ်တပ်ပြီး ပြောနေတယ်ဆိုတော့ စိတ်ဆိုးမပြေသေးဘူးထင်တယ်"

"ဆက်ဆိုးနေလဲ ဒါလင်က ချော့မှာမှမဟုတ်ဘဲ"

နွမ်းက  ပခုံးပေါ် လက်ဖဝါးကြီးကိုဖယ်ရှားပစ်လိုက်ပြီး မွေ့ရာပေါ်က ဆင်းကာ ဆံပင်ကိုသပ်တင်လိုက်၏။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now