[ Zawgyi ]
"ဘာပဲဆိုဆို ဆရာမြတ်သာမရှိတော့လဲ ပျင်းစရာကြီးနော် "လဲ့ရည်က နေ့လည်စာစားချိန်မှာတော့ ဆရာမြတ်သာကို လွမ်းကြောင်း ဖောက်သည်ချတော့သည်။လဲ့ရည်က သွက်သွက်လက်လက်ရှိပြီး စကားပြောဆိုရာမှာလည်း အတော်လေးအဆင်ပြေသည်။
မိန်းကလေးဆိုပေမဲ့လည်း ယောကျာ်းလေးတစ်ယောက်လို သန်သန်မာမာရှိပြီး နွမ်းမြတ်သာခိုင်းသမျှကိုလည်း ဘာမဆိုလုပ်ပေးတာမို့ သံယောဇဉ်က အတော်လေးကြီးမား၏။
"ဆရာက ကျန်းမာရေးသိပ်မကောင်းဘူးလေ ............ ဟိုအရင်တစ်ခေါက် အပြင်းဖျားပြီးကတည်းက ခုခံအားကျသွားပုံရတယ်"
"မချယ်က ဆရာနဲ့ရင်းနှီးတယ်မလား ဆရာနဲ့ငယ်ငယ်လေးကတည်းကသိတယ်ဆို"
"ဟုတ်တယ် ဆရာမြတ်သာနဲ့ ရေချယ့်ဖေဖေက အတော်လေးရင်းနှီးတယ်လေ ၊ လူကြီးတွေကလဲ ရင်နှီး ပြီးတော့ ရေချယ်ကလဲ ဆရာမြတ်သာလိုမျိုး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ချင်တာ ငယ်ငယ်လေးကတည်း ။ အဲ့တာကြောင့် ဖေဖေ့အကူအညီနဲ့ ဆရာ့ဆီမှာလာပြီး ပညာသင်တာ"
"အဲ့တာကြောင့်ကိုး မချယ်တို့နှစ်ယောက်က တအားရင်းနှီးနေတာ"
"မောင်နှမတွေလိုပဲလေ ဆရာကအစ်ကိုကြီးတစ်ယောက်လိုပဲ "
ရေချယ်က မှာထားသည့် ဗီဇာချပ်ကို တတိတိကိုက်ဝါးရင်း ရှင်းပြသည်။
လဲ့ရည်ကတော့ ဘာဂါကိုကိုက်ဝါးရင်း အပြင်ဘက်ကို ငေးတွေးကာ ငြိမ်သက်လျက်ရှိသည်။
"ဆရာမြတ်သာ မရှိတော့လဲ ဟာတာတာကြီးပဲ .............. မချယ်တော့မသိဘူး ကျွန်မကတော့ တစ်မျိုးကြီး"
"အပြီးအနားယူတာမှမဟုတ်ဘဲလေ ၊ အနားယူလို့ပြီးရင် ပြန်လာမှာပေါ့"
"ဒါကတော့ ဒါပေါ့ "
တကယ်ဆို ရေချယ်လည်း အခုလိုအခြေအနေကြီးကိုဖြင့် သိပ်တော့သဘောမကျ။ အရင်တုန်းက ဆရာမြတ်သာ စတူဒီယိုကိုမလာတာမျိုးရှိပေမဲ့ တစ်ရက်တလေအနားယူတာမို့ ဖာသိဖာသာနေမိသော်လည်း ယခုလို အနားယူကြောင်းပြောပြီး ပျောက်သွာတော့လည်း ရင်ထဲသိပ်မကောင်း။