[ Zawgyi ]
"လိုအပ်တာတွေ သေချာစစ်နော် ၊ ကျန်ခဲ့တာမျိုးမဖြစ်စေနဲ့""ဟုတ်ကဲ့ဆရာ"
လင်းသော် က ဦးဆောင်ပြီး ယူရမည့်ပစ္စည်းတွေကို စီစစ်သည်။ ရေချယ်ကတော့ နွမ်းဘေးနားမှာနေရင်း ခိုင်းတာကို တသွေမတိမ်းလိုက်လုပ်ပေးသည်။
"နွေးနွေးထွေးထွေးဝတ်ခဲ့ဦး ရေချယ် ၊ ဟိုရောက်ရင် ရေစိုဦးမှာ ၊ အဝတ်တွေလဲယူလာခဲ့တယ်မလား"
"ပါတယ်ဆရာ ၊ အကုန်ယူလာတယ်"
"သံစဉ်မြင့်မိုရ်တို့ရော ဘယ်အချိန်ရောက်မလဲ ဖုန်းဆက်သေးလား?"
"နောက်နာရီဝက်နေရင် ရောက်မယ်ပြောတယ် ............ သူတို့လဲ ပြင်ဆင်ပြီးထွက်လာနေပြီတဲ့"
"ကောင်းပြီ ပစ္စည်းတွေကို ကားပေါ်တင်ထားလိုက်တော့ ၊ မမေ့စေနဲ့နော်"
"ဟုတ်ကဲ့"
ရေတံခွန်ကိုသွားရိုက်မှာဖြစ်တာမို့ ရေကတော့သေချာပေါက်စိုဦးမှာပဲ ။ ဒါကြောင့်လည်း နွမ်းမှာအဝတ်ပိုတွေယူလာရင်း ကျန်တဲ့ရေချယ်တို့ကိုပါ အဝတ်ပိုယူလာဖို့ကို ဆော်သြလိုက်ရသည်။
လဲ့ရည်နှင့် လင်းသော်က ပစ္စည်းတွေကို သယ်ပြီး ကားပေါ်တင်ပြီးချိန်မှာတော့ သံစဉ်မြင့်မိုရ်တို့ကား၃စီးကလည်း ရောက်လာတော့သည်။
ကားမှန်ကိုချလိုက်သည်နှင့် မိတ်ကပ်ပြင်ဆင်ထားပြီးသော သူမမျက်နှာကထွက်ပေါ်လာပြီး နွမ်းကို ရယ်ပြလာလေသည်။
"ဆရာမြတ်သာ အကြာကြီးစောင့်နေလိုက်ရလား?"
"မစောင့်ရပါဘူး ၊ ကျွန်တော်တို့လဲအခုမှ ပစ္စည်းတွေတင်ပြီးတာ"
"ရေတံခွန်ဆိုတော့ ဆရာအဆင်ပြေလောက်ပါတယ်နော် ဟိုတလောကနေမကောင်းဖြစ်ထားတာတော့ ကျွန်မကအားနာနေတာ"
indoor ပုံ ရိုက်ပြီးတဲ့နေ့မှာပဲ နွမ်းဖျားတဲ့အတွက် သံစဉ်မြင့်မိုရ်က အားနာနေဟန်ရှိသည်။ မျက်ကပ်ပါးပါးလိမ်းထားသည့် သူမမျက်နှာက လှပနေပြီး လှပတဲ့သတို့သမီးလေးတစ်ယောက်လည်း ဖြစ်သည်။
"အဆင်ပြေပါတယ် ဒီထက်ပိုတဲ့နေရာတွေတောင်ရိုက်ဖူးပါတယ် အေးဆေးပေါ့"