Chapter - 53

3.5K 637 23
                                    

『Unicode』

အခန်း ( ၅၃ ) : လေလွင့်ခွေး။

※※※※※※※※※※※※※※※※※※※※



ကျင်ကတော်​၏ ကြားဝင်မှုကျေးဇူးကြောင့် ရန်ချင်းကျွမ်းနှင့် ကျွန်တော်တို့ ယာယီ အသက်ချမ်းသာခွင့်ရကာ ရဲတိုက်​၏နောက်ဘက်ရှိ အကျဉ်းခန်းထဲမှာ ဖမ်းဆီးထားခံခဲ့ရသည်။

ရန်ချင်းကျွမ်း​၏ ဒဏ်ရာတွေက သွေးမတိတ်ပေ။ သူသည် ညာခြေ​၏ ဒူးအထက်က်ု ခါးပတ်နှင့် စည်းထားပြီး အဝတ်ကိုဖြဲကာ ဒဏ်ရာနှစ်ခုအား အလျဉ်းသင့်သလို ပတ်တီးစီးလိုက်သည်။ ခဏကြာသော် သွေးတိတ်သွားပုံရပေမယ့် သူ့အသားအရေကတော့ အနည်းငယ် ဖျော့တော့ဆဲဖြစ်မှန်း မျက်ဝါးထင်ထင်တွေ့မြင်နိုင်​၏။

ကျွန်တော် ကြောက်ရွံ့ပူပန်လျက် ပတ်တီးနှင့် ပိုးသတ်ဆေးတချို့ပေးဖို့ အကူအညီတောင်းမိသည်။သို့သော် မှောင်မည်းနေသော စင်္ကြံအတွင်း၌ ပဲ့တင်သံမှလွဲလျှင် မည်သူမှ ကျွန်တော့်ကို ဂရုမစိုက်ကြပေ။

ရန်ချင်းကျွမ်းက ကြမ်းရှသောနံရံကို မှီလျက် မျက်မှောင်ကြုတ်ထားပြီး မျက်လုံးမှိတ်ထားသည်။ သူ့အသက်ရှုသံတွေကပြင်းပြီးနှေးကာ နှုတ်ခမ်းတွင်လည်း ဘာအရောင်မျှမရှိတော့ချေ။

ကျွန်တော် ကုတ်အင်္ကျီကိုချွတ်၍ သူ့ကိုအုပ်ပေးလိုက်ပြီး အရှေ့မှာ ဖြစ်သလိုချထားသော သူ့ညာလက်ကို ထိကြည့်လိုက်​၏။ အေးချမ်းလှသော ဆောင်းရာသီမှာတစ်ညလုံး မတ်တပ်ရပ်ခဲ့ရသကဲ့သို့ သူ့လက်ဖျားတွေက အေးစက်နေတာကိုခံစားလိုက်ရသည်။ ကျွန်တော် သူ့လက်ဖဝါးကို ထိကြည့်ပြန်လျှင် ယင်းက ချွေးစေးတွေ ပြန်နေသည်။

" ဒါက ဒီတိုင်းအရေပြားဒဏ်ရာလေးပဲ။ ငါ ပင်မသွေးလွှတ်ကြောတွေနဲ့ အရေးကြီးတဲ့အာရုံကြောတွေကို ရှောင်ထားတယ်"

သူက လက်မြှောက်၍ မျက်လုံးအောက်က အရေပြားကို ပွတ်သုတ်ပေးလာပြီး :

" ငါ သေမှာမဟုတ်လို့ မငိုနဲ့ "

စင်စစ် ကျွန်တော် အငိုတိတ်သွားပြီပင်။သို့သော် မီးက မှောင်ပြီး ကျွန်တော့်မျက်လုံးတွေရဲကာ မျက်နှာမှာ မျက်ရည်စတွေရှိသေး၍ပေလား ၊ ရန်ချင်းကျွမ်းက ကျွန်တော် ငိုနေတုန်းဟုအထင်မှားသွား​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now