အပိုင်း ၃၄

5.6K 410 4
                                    

''လူလေးခြေထောက်သက်သာရဲ့လား''

ခတ္တာခြံနောက်ကုက္ကိုပင်ကြီးအောက်တွင်မီးအိမ်လေးနှင့်ထိုင်နေတုန်း ဘထွေးဘေးသို့ရောက်လာသည်။ကျနေသည့်မျက်ရည်တို့အားအလျင်အမြန်သုတ်လိုက်ပြီး ဘထွေးအားပြုံးပြကာ ။

''သက်သာပါတယ်ဘထွေး''

ခတ္တာ ထိုင်နေသည်မှာအတော်ကြာပြီဖြစ်၏။ယှဉ်ယှဉ်နှင့်အေးမြ ထမင်းစားရန်လာခေါ်တာတောင်ခတ္တာမထဖြစ် ငိုထားသည့်အတွက်မျက်နှာတစ်ခုလုံးဟာဖောင်းအစ်နီရဲလျက်ရှိသည်။ ပျော့ညံ့နေသည့် ဒီပုံစံအားတစ်စုံတစ်ယောက်မြင်သွားမှာ ခတ္တာအလွန်ရှက်မိသည်။

ဘထွေးဟာခတ္တာဘေးသို့ဝင်ထိုင်လာ၏။ဘထွေး လက်ထဲကဆေးပေါလိပ်ငွေ့တို့ဟာ အမှောင်ထဲတွင်ထင်ရှားစွာနှင့်ပင်။

''ကျောင်းပိတ်ရင်ရွာပြန်ပါတော့လူလေး''

''ဗျာ...''

ကြားလိုက်ရတဲ့စကားကြောင့် ခတ္တာအံ့သြစွာနှင့်ဘထွေးအားလှမ်းကြည့်လိုက်မိသည်။ဘထွေးဟာ ကောင်းကင်ပေါ်သို့မော့ကြည့်ကာ ဆေးလိပ်အားဖွာရှိုက်နေသည်။

''လာမယ့်နှစ်ကောလိပ်တက်ဖို့အဘ အဆောင်စီစဉ်ပေးပါ့မယ်''

''ကျွန်တော်ဒီမှာနေလို့မရတော့ဘူးလားဘထွေး''

''မနေသင့်တော့တာလူလေး''

ဘာလို့များ ဘထွေးရဲ့စကားတွေက ခတ္တာခံစားချက်အားလုံးကိုသိနေသလိုဖြစ်နေလဲဆိုတာခတ္တာမသိတော့ပါ။

''လူလေး...အဘမင်းကိုသတိပေးပါရဲ့ကွယ် သူဌေးကြီးအပေါ်မခင်တွယ်ဖို့ကို''

ခတ္တာရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးစက်တောင့်တင်းသွားသည်။ဒါဆိုဘထွေးဟာ ခတ္တာ ဦးမျိုးဆက်ထင်အပေါ်ဘယ်လိုစိတ်ဖြစ်နေလဲဆိုသိသွားခဲ့ပြီလား။

''သူဌေးကြီးဟာ သူ့ဂုဏ်သူ့မာနနဲ့နာမည်တစ်လုံးတန်ဖိုးထားတဲ့သူ လူလေးမျှော်လင့်လို့မရမယ့်သူမျိုးပါပဲ''

''ဘထွေးသိနေခဲ့တာလား''

ဘထွေး ကခေါင်းသာသာငြိမ့်ပြ၏။

''မောင်ထွန်းနိုင်ကြောင့်မင့်အသက်ကိုမင်းရန်ရှာခဲ့ပြီးပြီအခုထပ်ပြီးလူတစ်ယောက်အတွက်ကြောင့်အရင်လိုအဖြစ်ခံမလား''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Opowieści tętniące życiem. Odkryj je teraz