အပိုင်း ၇၀

7.4K 594 118
                                    

အိပ်နေတဲ့သားငယ်ရဲ့နှဖူးပြင်အားနမ်းရှုံ့၍ အချိန်အတန်ကြာသည်အထိ သားအိပ်ယာနံဘေးတွင် ခတ္တာ ထိုင်နေမိသည်။ခတ္တာလက်ထဲတွင်ရောက်နေသည့် သားလေးရဲ့ လက်ကလေးတစ်ဖက်မှာပြည့်ပြည့်ဖောင်းဖောင်းဖြစ်နေ၍ ထင်းနေသည့် ယွန်းလက်ပတ်ကလေးအားဝတ်ထားသည်။

ဒီလက်ပတ်ကြိုးလေးဟာ ခတ္တာတို့သားအဖသုံးယောက်အားဆုံစည်းစေချင်သည့်အဓိပ္ပါယ်ဖြစ်ကြောင်းလွန်ခဲ့သောနှစ်များကထူးဆန်းသည့်အကြောင်းအရာတချို့ကိုပြန်တွေးရင်းသဘောပေါက်ခဲ့ရသည်။ ၃ခုလုံးကို ငွေသုံးဆယ်သာပေးခဲ့ရ​ပြီး ဦးမျိုးဆက်ထင်နှင့်ခတ္တာတို့နှစ်ယောက်အပြင်တစ်ခုပိုနေသည့်ဒီယွန်းလက်ပတ်လေးဟာ သားငယ် နှိုင်းအား ရည်ညွှန်းသည်ဟုထင်သည့်အတွက် သားငယ်လက်မှာဝတ်ထားပေးထားခြင်း။

ထိုလက်ပတ်လေးအားဦးမျိုးဆက်ထင်ရောခတ္တာရော နှစ်ပေါင်းများစွာကြာသည်အထိလုံးဝမချွတ်ခဲ့ပေ။ သို့သော် အရောင်ကျခြင်းအလျဥ်းမရှိသည့်ထိုလက်ပတ်ကလေးမှာအခုထိ တင့်တယ်လှပလျက်ရှိနေဆဲ။ သားငယ်အားဒီယွန်းလက်ပတ်​လေးဝတ်ပေးလိုက်တော့ နှိုင်းဟာအကြောင်းပြချက်မရှိပါပဲထို လက်ပတ်ကြိုးလေးအားမြင်သည်နှင့်ပျော်ရွှင်နေခဲ့သည်လေ။

လက်ခံဖို့မလွယ်သည့်သဘာဝလွန်ကိစ္စရပ်များဖြစ်ပါသော်လည်း ခတ္တာမယုံကြည်လို့မရ။အဓိပ္ပါယ်ရှိသည့်ကိစ္စများဖြစ်သည့်အလျောက်ခတ္တာရဲ့ဖြစ်တည်မှုဟာလည်းသာမာန်မှမဟုတ်တာပဲ။တစ်ခုချင်းပြန်တွေးလိုက်သည့်အခါ ရင်ထဲခံစားချက်တွေရှုပ်ထွေးကာ ကြက်သီးမွှေးညင်းများပင်ထရသည်။

ကောင်းမွန်သောမျက်ခုံး နှာတံစင်းစင်းနှင့် လေးထောင့်ကျသောမျက်နှာ မထူမပါးနှုတ်ခမ်းလေးမှာ ဦးမျိုးဆက်ထင်ရဲ့အမွေတွေသာဖြစ်ပါလိမ့်မည်။ ဦးမျိုးဆက်ထင်နှင့်တူသော သားမှာ လွန်စွာချောမောပြီး ခတ္တာထပ်ပင် ရင့်ကျက်သေး၏။ဘယ်ကိစ္စကိုမဆိုဝမ်းနည်းခြင်းမရှိသလို ဂျီတိုက်ဂျစ်ကန်ခြင်းမရှိ ခတ္တာလို ဝမ်းနည်းလွယ်မျက်ရည်လွယ်ဖို့ဆိုတာအဝေးကြီးမှာပင်။
ဒီဦးမျိုးဆက်ထင်ပေါက်စလေးအား ခတ္တာချစ်လိုက်ရတာ။ ဒီကောင်လေးကိုမွေးဖို့ဘယ်လောက်ထိခက်ခဲခဲ့ရလဲ တမလွန်လက်တကမ်းကနေ ဘယ်လိုပြန်လှည့်လာရလဲ ခတ္တာပင်အသိဆုံး။ 

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now