သူ့အတွေးတို့က အတိတ်ကာလဆီမှာသာ တဝဲလည်နေသည်။ ခဏတာတွေ့ဆုံမှုကို ရက်ပေါင်းများစွာ ကြာပြီးမှပဲ အချစ်လို့ ခေါင်းစဉ်တပ်လိုက်သည်။
ဒါပေမယ့် သူ့အချစ်က တခဏအတွင်းမှာ ပျောက်ကွယ်သွားပြီး ဘယ်မှာပြန်ရှာရမယ်မှန်းမသိ ဖြစ်နေရပြီ။
ဆက်ဆက်လာခဲ့မယ်ပြောလို့ စောင့်ဆိုင်းနေတာပဲ။ အေးခဲနေတဲ့ တောင်ပေါ်ရာသီဥတုကြီးမှာ၊ လက်မှာပတ်ထားတဲ့ နာရီက နာရီလက်တံတွေ တရွေ့ရွေ့ ရွေ့လျားနေတာကို ကြည်နူးစွာ ကြည့်နေမိရင်း။
Missed callပေါင်း မြောက်မြားစွာကို လျစ်လျူရှုရင်း တွေ့ဖို့ပြောထားတဲ့ နေရာမှာ ရပ်စောင့်နေခဲ့တာ ညနေခြောက်နာရီထဲက။ မျှော်လင့်စောင့်စားနေရတဲ့ ခုနှစ်နာရီထိုးတဲ့အထိ သူမကတော့ ပေါ်မလာသေး။
" အား.. ၇နာရီခွဲပြီး ၅မိနစ်တောင်ရှိပြီ.. အကြာကြီး စောင့်လိုက်ရလားဟင်.. အားနာလိုက်တာ ကျွန်မ အိပ်ပျော်သွားလို့... "
တောင်းပန်တိုးလျှိုးတဲ့ မျက်နှာလေးနဲ့ ပြောလာလို့ထင်သည်။ သူကလဲ မဆီမဆိုင် ဂျစ်တိုက်ချင်လာသည်။ သူနဲ့ သက်ဆိုင်မှုမရှိသေးတဲ့ မိန်းကလေးအပေါ်ကိုလေ...။
" ရပါတယ် သိပ်မစောင့်ရပါဘူး... "
ရပ်စောင့်နေတဲ့ သူ့ကို ချက်ချင်းမမြင်။ မျက်စိလျှမ်းပြီး ကျော်သွားတာ နှစ်ခါတိတိ။ လိုက်မခေါ်မိပဲ သူ့ကို ရှာဖွေနေတဲ့ သူ(မ)ကိုသာ အသာကြည့်နေမိသည်။
ကုတ်အင်္ကျီထူထူတထည် ၀တ်ထားပြီး လုံချည်အရှည်က ခြေမျက်စိအောက်နားမှာ။ လမ်းလျှောက်ရတာ အဆင်ပြေဖို့ လုံချည်စကို လက်တဖက်က ကိုင်ဆွဲထားပုံလေးက အသည်းယားစရာပဲ။
" ရင်ပြင်ပေါ်မှာ တော်တော်အေးတယ်နော်.. ကျမက လေးထပ်ဆောင် ဒုတိယထပ်မှာ တည်းတာလေ.. လူငွေ့နဲ့ဆိုတော့ သိပ်မအေးဘူး... "
" ကူးပေးမယ်လေ ဖုန်းပေး..."
" ဟုတ်... "
ဖုန်းနံပါတ်တောင်းလိုက်ရမလား...။ မဖြစ်သေးပါဘူး။ ဘာကြောင်တာလဲ ဆိုပြီး အထင်ခံရလိမ့်မယ်။
YOU ARE READING
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020