1

3.4K 175 2
                                    

Unicode version




"Cheers!"

ခွက်ကလေးများကို ရှေ့သို့တိုက်လိုက်ပြီး တစ်ရှိန်ထိုးမော့ပစ်လိုက်ရသောအရသာက ဘာနဲ့မှကိုမတူ။ တစ်နေကုန်အလုပ်မှာပင်ပန်းထားသမျှတွေက ပျောက်ကုန်သလိုပင် ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း အလုပ်ပင်ပန်းကာ စိတ်ဖိစီးမှုများသော သူ့ဝန်ထမ်းများအတွက် တစ်လတစ်ခါလောက်တော့ သည်လိုပွဲအသေးလေးတွေ သူစီစဉ်ပေးဖြစ်ခြင်းဖြစ်၏။

ဆိုင်လေးကသိပ်မဆိုး။ များသောအားဖြင့် သူတို့လိုရုံးဝန်ထမ်းတွေလာတတ်သောနေရာဖြစ်ပြီး သီးသန့်ခန်းများနှင့် သပ်သပ်ရပ်ရပ်ရှိသည်။

သူက ငှဲ့ပေးသမျှကို တစ်ခွက်ပြီးတစ်ခွက်သောက်နေသော်လည်း သူ့ပုံစံက မူးနေသည့်ပုံမပေါ်။ ထို့ကြောင့် အလုပ်ဝင်တာမကြာသေးသောဝန်ထမ်းလေးက သူ့အတွက်ထပ်ငှဲ့ပေးရင်း လောကွတ်စကားဆိုသည်။

"ဌာနမှူးကဒီလိုကျသောက်နိုင်တယ်နော်"

"ကိုယ့်ပုံကမသောက်နိုင်တဲ့ပုံပေါက်နေလို့လား"

ထုံးစံအတိုင်း စကားပြောတာကနောက် စိတ်တိုတာကအရင်မို့ သူ့လေသံတွေမာသွားမှန်း သိသာပါသည်။ March born Aries မို့ စိတ်မြန်လက်မြန်ရှိပြီး စိတ်ဆတ်တတ်သည့်သဘောကို သူကြိုးစားပြီးထိန်းထားသည်မှာ အလုပ်စဝင်ကတည်းက။ ဒါတောင် သူ့ကိုမျက်နှာထားတင်းသည်ဟု အားလုံးကသတ်မှတ်ထားကြသေး၏။

အခုက အရက်ကလေးသောက်ထားသောကြောင့် ခပ်ထွေထွေရှိနေတာမို့ စိတ်နောက်ကိုဦးနှောက်ထိန်းချုပ်မှုကလိုက်ဖို့ အနည်းငယ်တုံ့နှေးနေသည်။ ထို့ကြောင့် သူလေသံမာသွားသည့်အတွက် ထိုဝန်ထမ်းငယ်က တုန်ခနဲဖြစ်သွားပြီး အထိတ်ထိတ်အပျာပျာနှင့် ရှင်းပြရှာ၏။

"မဟုတ်ပါဘူး။ ဌာနမှူးက ပန်းကလေးလိုလှတော့ ကျွန်တော်က အရမ်းမသောက်နိုင်ဘူးထင်ထားတာ။ တောင်းပန်ပါတယ်ခင်ဗျ"

အတော်လေးပျာယာခတ်ပြီး သူ့ကိုကြောက်လန့်သွားပုံရသောဝန်ထမ်းကို အားနားသောအားဖြင့် သူသက်ပြင်းကိုမှုတ်ထုတ်ကာ စိတ်လျှော့လိုက်သည်။ ဒါအမှားတော့လည်း မဟုတ်ပါဘူးလေ။ အသက်ကိုဖြည်းဖြည်းရှူ။ စိတ်လျှော့ စိတ်လျှော့။

Tom & JerryWhere stories live. Discover now