12

971 109 23
                                    

Unicode version




စိတ်ရှုပ်ထွေး.. ဝေခွဲမရ.. ဝမ်းနည်း... စိတ်ဓာတ်ကျ..

ဒီခံစားမှုတွေကို တစ်ခုမှ သူမခံစားနေရပါဘူးဟုပြောလျှင် ယုံနိုင်ကြမည်မဟုတ်။ သို့သော် တကယ်ကြီးကို သူခံစားချက်မဲ့နေခဲ့ပါပြီ။ နာကျင်လွန်းသောအခါ နာကျင်မှုဒဏ်ကို ထုံသွားသောလူတစ်ယောက်လိုကို သူခံစားနေရသည်။

အခုအချိန် သူ့ကိုယ်သူသုံးသပ်ပါဟုပြောလာလျှင် တစ်ခွန်းတည်းသာအဖြေပေးဖြစ်မည်။ ဗလာ။ ခံစားချက်ဗလာ အတွေးဗလာ အစီအစဉ်ဗလာ။ အရာအားလုံးက သူ့အတွက်တော့ ဗလာသက်သက်လို။

ဆိုမီက ပြန်လာချင်သည်တဲ့။ သူအရမ်းမျှော်လင့်ခဲ့ရသောကိစ္စ။ တကယ်တမ်းဖြစ်လာတော့ သူဘာကိုနောက်တွန့်မှန်းမသိ နောက်တွန့်နေမိသည်။ အရင်က နှစ်ယောက်အတူတည်ဆောက်ထားသောလေထဲကအိမ်ကလေးကိုတောင်မေ့လျော့မိသည်အထိ သူတွေဝေနေမိသည်။

ဘာကြောင့်များပါလိမ့်။

သူက သက်ပြင်းကိုချရင်း သူ့ကိုယ်သူမှန်ထဲပြန်ကြည့်မိတော့ လူပုံကအတော်လေးကိုရွဲနေပြီ။ မအိပ်ရသေးသောကြောင့် မျက်တွင်းဟောက်ပက်ဖြစ်နေရုံမက စိတ်ဆင်းရဲမှုကြောင့် ညိုမှောင်နေသောမျက်နှာတွင် ဝက်ခြံလေးတောင်ထွက်လို့။ ဪ ဆိုမီ ဆိုမီ အတော်လေး ဒုက္ခပေးနိုင်တာပါလား။

ဒီပန်ဒိုရာသေတ္တာလေးကိုပဲ ချစ်ရလွန်းလို့ လက်ကလည်းမချရက် ဆက်ကိုင်ထားဖို့ကလည်းပင်ပန်းလွန်း ဖြစ်နေရတာ။ စုပ်လည်းစူး စားလည်းရူးဆိုတာ ဒီလိုအခြေအနေကြီးပါလား။ ဟူး တော်ပြီ ကျောင်းသွားဖို့ပြင်ရမယ်။ ဒါနဲ့ ကျောင်းဘယ်လိုတက်ရမှာလဲ။ ကျောင်းမှာ ဆိုမီက ထပ်လာရှာရင် ဘယ်လိုအဖြေပေးရမှာလဲ။ မစဉ်းစားရသေး။ ရူးတောင်ရူးချင်နေမိပြီ။

အနည်ထိုင်ပြီးသားရေကြည်ကို ထိုးမွှေဖျက်ဆီးလိုက်သလို တည်ငြိမ်ကာစသူ့စိတ်ကို လာရောက်လှုပ်ခတ်သွားသော လူဆိုးမလေးဂျွန်ဆိုမီကြောင့် သူ့မနက်ခင်းကတော့ ပြင်ပကကောင်းကင်ကြီးနှင့်ထပ်တူ မှိုင်းအုံ့နေရသည်။

သူက စိတ်မပါလက်မပါနှင့် ကျောင်းသွားရန်ပြင်ဆင်ခြင်းကိုပြုလုပ်ပြီးနောက် ပျင်းရိပျင်းတွဲခြေလှမ်းများကိုသယ်ကာ ထမင်းစားခန်းဆီသို့ ဦးတည်လာခဲ့သည်။ ထမင်းစားပွဲ၌ သူမထင်ထားသောလူတစ်ယောက်ကိုမြင်လိုက်ရတော့ သူ့မှာအံ့အားသင့်သွားရ၏။

Tom & JerryWhere stories live. Discover now