11

983 127 22
                                    

Unicode version



ကျောင်းဝန်းကြီးထဲတွင် အဝါရောင်ကျောင်းဆောင်ကြီးကိုနောက်ခံထားပြီး တစ်ယောက်တည်းခေါင်းငိုက်စိုက်လမ်းလျှောက်ရတဲ့အဖြစ်က ဒီလောက်ကြောက်စရာကောင်းမယ်မှန်း အရင်ကသူမသိခဲ့။

လူတွေအများကြီးကိုမြင်နေရသော်လည်း သူတစ်ယောက်ထဲသီးခြားကွဲထွက်နေပြီး အပြိုင်ကမ္ဘာထဲတွင်ရောက်နေသလို ခံစားချက်။ သူ့ကိုနှုတ်ဆက်နေကြသူတွေအများကြီးရှိနေသော်လည်း တစ်ဦးတစ်ယောက်နဲ့မှမသက်ဆိုင်နေသလို အထီးကျန်နေသောခံစားချက်။

လူတွေအသည်းကွဲကြရင် အဆင့်လေးဆင့်ကို ဖြတ်ကျော်ရသည်တဲ့။ ပထမ ဘာမှမဖြစ်သလို နေပြကြသည်။ ဒုတိယ လက်မခံနိုင်ကြ။ ငါ့ကိုချစ်ပါသေးတယ် ငါ့ကိုပဲချစ်တာဆိုပြီး ငြင်းဆန်ကြသည်။ တတိယ လက်ခံလိုက်ရသည်။ ငိုသည်။ ပေါက်ကွဲသည်။ အပြစ်တင်သည်။ ဒီပရက်ရှင်ဝင်သည်။ ခံစားရမှုကို နည်းမျိုးစုံနှင့် ဖော်ပြတတ်ကြသည်။ နောက်ဆုံးအဆင့်ကတော့ သွေးအေးကာလ။ အခုသူရောက်နေသောအဆင့်။

လမ်းခွဲပြီး ခုနစ်လအကြာမှာတော့ သူတည်ငြိမ်နိုင်ခဲ့ပါပြီ။ သို့သော်အပြည့်အဝတော့မဟုတ်။ ရှင်းရှင်းပြောရရင်တော့ သူလွမ်းနေတာပါ။ တိတ်တခိုးလေး ကျိတ်လွမ်းနေခဲ့တာ။ တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရစိတ်ကဝင်ရောက်လာတတ်သည်။ အမှတ်တရတွေကလည်း ဒီကျောင်းလမ်းတွေပေါ်မှာ အများသားမလား။ တစ်နှစ်ပြည့်ကာနီးဆက်ဆံရေးတစ်ခုက လပိုင်းလေးအတွင်းပျက်စီးခဲ့ရသည်ဆိုတာကို သူမယုံနိုင်သေး။

ထို့အတူ သူတို့ကိုဆိုလျှင် တွဲမြင်နေတတ်ကြသော အတန်းဖော်တွေကလည်း ယုံနိုင်ကြဦးမည်မထင်။ အခုထိ သူ့ကိုတစ်ယောက်တည်းမြင်ရတိုင်း တစ်ခုခုပြောချင်နေကြသလို ကြည့်နေကြတုန်း။ အင်း သူစိတ်ထင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် လျှောက်နေရသောလမ်းတွေက အထီးကျန်လွန်းတာတော့အမှန်။ ခြေလှမ်းတိုင်းမှာ ဝမ်းနည်းရိပ်တွေခိုနေပြီး စာသင်ခန်းထဲသို့ပင် ခြေမချချင်တော့သလို။

သို့သော်လည်း နယ်ကမိဘတွေမျက်နှာထောက်ထားပြီး ကျောင်းလေးတော့ပြီးအောင်တက်ရမည်လေ။ ထို့ကြောင့် မတက်ချင်သော်လည်း စာသင်ခန်းတွေထဲတော့ သူမှန်မှန်ရောက်ဖြစ်ခဲ့ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် မေဂျာမတူတာပဲ တော်ပါသေးရဲ့။ မဟုတ်ပဲ နေ့တိုင်းသာ မျက်နှာချင်းဆိုင်တွေ့နေရမည်ဆိုပါက သူဘယ်လိုမှတောင့်ခံထားနိုင်မည်မဟုတ်။

Tom & JerryWhere stories live. Discover now