3

1K 122 13
                                    

Unicode version




တစ်ပတ်လုံး သာယာပျော်ရွှင်တက်ကြွစွာနှင့် မီနာတစ်ယောက် ဘဝကြီးကို အပူအပင်မရှိ ဖြတ်သန်းနေခဲ့မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားဟောင်းတွေ့ဆုံပွဲတုန်းက တစ်ချိန်ကကိုကိုရှေ့တွင် ချစ်သူကိုထုတ်ပြလိုက်နိုင်တာ တကယ်ကို အောင်နိုင်သူတစ်ယောက်လို ခံစားရတာအမှန်။

မိုမိုရင်းနှင့် ဆာနာချန်းရဲ့ အားကျတဲ့အကြည့်တွေ သူ့ကိုအခုထိသဘောကျနေသေးပုံပေါ်သော စီနီယာဂျောင်ယွန်းရဲ့ ရီဝေဝေအကြည့်တွေကြောင့် စိတ်ပူစွာနှင့် တဗျစ်တောက်တောက်ပြောနေသော ဂျီဟို့စကားတွေက မကြားတစ်ချက် ကြားတစ်ချက်။ ဂျီဟိုကတော့ အရာရာစိတ်ပူတတ်သူပီပီ သူ့ကို အမြဲလိုက်ပြောနေမှာမို့ သိပ်ပြီး ဂရုမစိုက်ချင်တော့တာလည်းပါသည်။

ကိုကိုနှင့် ချစ်ခဲ့တဲ့နေ့တွေတုန်းကလည်း ဂျီဟိုက သည်လိုပဲ စိတ်ပူခဲ့တာပဲ။ သူတို့ကအိမ်ချင်းပါရင်းနှီးတာမို့ အိပ်မက်တွေအကြီးကြီးမက်ကြတော့ ဂျီဟိုကပဲ သတိပေးခဲ့တာပဲ။ နောက်ဆုံး နောက်တစ်ယောက်ဆီ ကိုကိုပါသွားတော့ သူ့ဘေးမှာရှိနေပေးခဲ့တာလည်း ဂျီဟိုပဲ။ ထို့ကြောင့် ဂျီဟိုပြောချင်တာပြောပါစေ သူဘာမှပြန်ပြောမည် စောဒကတက်မည်မဟုတ်။

အခုဆိုရင် အပေါင်းအသင်းတွေကြားမှာ မြော်အိမီနာဆိုတာ ယောကျာ်းတစ်ယောက်ကြောင့် အသည်းကွဲပြီး ခံစားနေရသူမဟုတ်တော့။ အသက်ငယ်ငယ် ခပ်ဖြောင့်ဖြောင့်ကောင်မလေးတစ်ယောက်နှင့်သာယာနေသောသူဖြစ်နေပြီ။ အားလုံး၏အထင်ကြီးလေးစားမှုကိုရနေပြီ။ ကျန်တာဘာတွေလိုဦးမှာလဲ။

သူက သူ့အတွေးနှင့်သူကျေနပ်နေရင်းက နှပ်ထားသောကော်ဖီကို ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။ ခါးတာချင်းအတူတူ အရက်ထက် ကော်ဖီတစ်ခွက်ကို သူပိုပြီးချစ်သည်။ လတ်ဆတ်နေသောကော်ဖီနံ့သင်းသင်းလေးက သွေးကြောတွေထဲစီးမဝင်ခင်ကတည်းက သူ့အာရုံတွေကို ထက်မြက်နေစေပြီ။

သည်နေ့က တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်ဖြစ်သော်လည်း သူကတော့ အိမ်မှာနားနေရင်း နောက်ပရောဂျက်အတွက်ကြိုတင်ပြီးအလုပ်လုပ်ထားဖို့ အဆင်သင့်ဖြစ်နေ၏။ မီနာဆိုသည့်သူက အလုပ်မှာလည်း ထူးချွန်သလို ကြိုးလည်းကြိုးစားပြီး အရာရာပြည့်စုံတဲ့သူမဟုတ်လား။ ထို့ကြောင့် သူ့ကိုယ်သူ အမြဲအလုပ်များနေအောင် လုပ်ထားကာ ဓားသွေးကျောက်တစ်တုံးနှင့်အချိန်တိုင်းသနေသောဓားကဲ့သို့ အမြဲသွေးပေးနေခြင်းဖြစ်သည်။

Tom & JerryWhere stories live. Discover now