7

988 120 11
                                    

Unicode version





ဆိုးလ်မြို့၏ နေရောင်ခြည်နွေးနွေးလေးက လောကတစ်ခွင်ကိုပွေ့ဖက်ရင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ပေါ်ကို ဖြာကျနေသည်။ လေဆိပ်ကတော့ နေ့စဉ်ပုံမှန်လည်ပတ်နေကျအတိုင်း ခရီးသည်များပြည့်နှက်နေပြီး ဝင်လာသူ ထွက်ခွါသူများနှင့် စည်ကားပြည့်လျှံလို့။

သူတို့မိသားစုကတော့ လေဆိပ်အဝင်ခန်းမကြီးအလယ်တွင် လူစုံတက်စုံရောက်ရှိနေကြ၏။ မင်္ဂလာဆောင်ကို စိတ်ကြိုက်စီစဉ်ခွင့်မရခဲ့သောဖွားဖွားက ဟန်းနီးမွန်းကိုတော့ သူတို့စိတ်ကြိုက်ဆုံးဖြတ်ခွင့်မပေးပဲ ပဲရစ်ခရီးစဉ်ကို အတင်းစီစဉ်ပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် သူတို့ဘယ်လိုမှမငြင်းနိုင်အောင် လေဆိပ်ကိုကိုယ်တိုင်လိုက်ပို့လို့ရအောင် သူတို့ဂျပန်ပြန်မည့်နေ့နှင့် တစ်ရက်တည်းစီစဉ်ခဲ့ပြန်သည်။ ဖွားဖွားကတော့ တကယ့်ကိုပြိုင်စံရှားဖွားဖွားပါ။

"မြေးလေးတို့ သေချာပျော်ခဲ့ကြနော်"

"ဟုတ်ကဲ့ ဖွားဖွားတို့လည်းသတိထားပြန်နော်"

"ပြန်သာပြန်ရမှာ။ ငါ့မြေးလေးနဲ့နေချင်သေးတာ။ အရမ်းချစ်စရာကောင်းတာပဲ"

"မြေးတို့ ဂျပန်ကိုလာလည်ပါမယ် ဖွားဖွား"

"အမလေး စကားတတ်လိုက်တာ"

ချယ်ယောင်းက တကယ်ကြီးကို စကားတတ်တာပါ။ သူ့မိသားစုရှေ့တွင်ရှိပြနေသောပုံရိပ်က သူဟာအကျင့်ပုပ်သောအပေအတေကောင်ဆိုတာ ဘယ်နားနေကမှယုံချင်စရာမရှိ။ တကယ့်ကို ချိုသာယဉ်ကျေးရွှေရင်အေးလေးပုံစံနှင့် သူ့ဖွားဖွားကိုအပိုင်ပေါင်းထားနိုင်ရုံမက ဖေဖေမေမေတို့၏ချစ်ခြင်းကိုပါ အပိုင်ရနေသေးသည်။ ဘာမှဝင်မပြောတတ်သောကိုကိုပင်လျှင် ဆွန်းချယ်ယောင်းကိုကြည့်ပြီး အလိုလိုက်ဖို့အသင့်ရှိနေတတ်၏။

"မြေးလေး မင်းမမက ကပ်စေးနည်းနော်။ လိုချင်တာတွေဝယ်ခိုင်း ကြားလား။ သူ့ကို ဘာမှအားနာမနေနဲ့။ မင်းမမက အလိုက်ကသိတာမဟုတ်ဘူး။ အိမ်မှာဆိုလည်း လူတကာနဲ့ရန်ဖြစ်နေတာ"

"ဖွားဖွားကလည်း သမီးကအဲ့လိုမဟုတ်ပါဘူး"

ဖွားဖွားက အကုန်ဖော်ကောင်လုပ်နေသောအခါ ဆွန်းချယ်ယောင်းက ရယ်ချင်နေဟန်နှင့် သူ့ကိုပြုံးစစကြည့်နေတာမို့ မီနာ့မှာ နေရခက်လှပါသည်။ ထိုကလေးစုတ်က သူ့နိုင်ကွက်တွေကို တစ်ကွက်ပြီးတစ်ကွက်သိနေတာ သူမကြိုက်။ အခုတော့ ဖွားဖွားလုပ်ပုံနှင့် ဒီကလေးရှေ့မှာ သူ့ဣန္ဒြေကြီးတစ်ခွဲသားကလည်း ဘာမှမကျန်တော့။

Tom & JerryWhere stories live. Discover now