6

1K 132 6
                                    

Unicode version



စစ် ...

ဘဝဆိုတာ တိုက်ပွဲတစ်ခုဆိုတာကို တက်ကျမ်းစာအုပ်အတော်များများတွင် ဖတ်ရှူနိုင်တာမို့ လူတိုင်းသိကြမည်ဖြစ်သည်။ ဒါဆို ဘာနဲ့တိုက်နေကြရတာလဲ။ ဘာအတွက်တိုက်ပွဲဝင်နေကြရတာလဲ။

မွေးဖွာလာသည့်အချိန်မှစ၍ ဘဝတစ်လျှောက်လုံး လှုပ်ရှားရုန်းကန်တိုက်ခိုက်လာခဲ့သည်မှာ ကံကြမ္မာနှင့်ဟုသာ မီနာထင်ထားခဲ့မိသော်လည်း အခုတော့ သူ့တွင် ပြိုင်ဘက်တစ်ယောက်ပေါ်လာသကဲ့သို့ဖြစ်လာသည်။

ပြိုင်ဘက်မှ တကယ့်ကို မလောက်လေးမလောက်စားပြိုင်ဘက်။ အစည်းအဝေးခန်းထဲမှာ သူ့ကိုယှဉ်ပြိုင်ပြောနိုင်လောက်တဲ့သူမျိုးလည်းမဟုတ် ဂိမ်းဆော့ရင်းတွေ့ရတဲ့တစ်ဖက်အသင်းက pro player လည်းမဟုတ် သူနဲ့ဘယ်လိုမှငြိစရာအကြောင်းမရှိတဲ့ ငချွတ်ကလေးက အခုတော့ သူ့ပြိုင်ဘက်ဖြစ်နေပြီတဲ့။

သူ့အိမ်ကအလုပ်စားပွဲ စစ်မြေပြင်အဖြစ်ပြောင်းလဲသွားချိန်တွင် ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်ထိုင်နေရင်းက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဓားချင်းယှဉ်ခုတ်နေကြသော သူတို့နှစ်ယောက်က ဖြစ်ချင်တာချရေးထားသော စာရွက်ကိုယ်စီ ရှေ့မှာချလို့။

မျက်မှောင်ကုတ်ကလေးနှင့် ပါးစပ်ကိုအနည်းငယ်ဟကာ စာကိုအာရုံစိုက်ရေးနေသော ကလေးရုပ်နှင့်ဆွန်းချယ်ယောင်းက ဘာဖြစ်လို့ ဒီလမ်းကိုရွေးချယ်ခဲ့တာလဲဆိုတာ စဉ်းတောင်မစဉ်းစားတတ်။ ဘယ်လိုများ လုပ်ရက်နိုင်ရတာလဲ။ ဘာလို့များ လက်ထပ်ပါမယ်လို့ ဖွားဖွားကို ပြောရက်နိုင်ရတာလဲ။

တစ်ခုခုခေါင်းကိုထိခိုက်တာမျိုးမရှိပဲနဲ့တော့ ဒီလိုစကားမျိုးကို ပြောမှာမဟုတ်။ ဒါမှမဟုတ် တစ်ခုခုလိုချင်တာများရှိနေလို့လား။ ဘယ်လိုဖြစ်ဖြစ် အလုပ်တစ်ခုလုပ်မည်ဆိုလျှင် သေချာအစီအစဉ်ဆွဲပြီးမှလုပ်တတ်သောသူ့ကို ဒီလိုလုပ်ပစ်လိုက်တာက နားရွက်ကို တံတွေးဆွတ်လိုက်တာ။ သက်သက်မဲ့စိန်ခေါ်တာ။

ထို့ကြောင့် ဆွန်းချယ်ယောင်း၏ သရုပ်မှန် ပေါ်ပေါက်လာရေးအတွက် သူက ဒီနေ့တွေ့ဖို့စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုကလေးစုတ်ကတော့ ဘာကိုမှဂရုမစိုက်ဟန်နှင့် လက်ထဲမှဘောပင်ကိုလှည့်ပတ်ဆော့ကစားနေ၏။ ဘယ်ဘဝကရေစက်နဲ့များ ဒီကောင်စုတ်နဲ့တွေ့ခဲ့ရပါလိမ့်။ အဲ့နေ့က သောက်တာများသွားတာကိုပဲ အပြစ်တင်ရမှာ။

Tom & JerryWhere stories live. Discover now