15

898 127 36
                                    

Unicode version




စိတ်ရှုပ်ထွေးလာလျှင် လူတိုင်းတွင် ကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန် အပန်းဖြေသည့်ပုံစံများ ရှိတတ်ကြသည်။ အချို့က ရုပ်ရှင်ကြည့်သည်။ အချို့ကသီချင်းနားထောင်သည်။ အချို့ကဂိမ်းဆော့သည်။ သူကတော့ အရမ်းစိတ်ရှုပ်ထွေးလာပါက စာဖတ်တတ်သည်။

ငယ်စဉ်ကတည်းက ခပ်အေးအေးပဲနေတတ်သည့်စရိုက်မို့ အပေါင်းအသင်းရှားပါးခဲ့သောသူ့တွင် သူငယ်ချင်းဟူ၍ပြစရာ စာအုပ်များသာရှိခဲ့သည်။ စာအုပ်ဆိုလျှင်လည်း အမျိုးအစားပေါင်းစုံကို သူသဘောကျတတ်ပြီး စိတ်ရှုပ်ထွေးနေတိုင်း စာအုပ်ကမ္ဘာထဲပြေးဝင်ကာ ပုန်းရှောင်နေတတ်၏။

ကိုယ့်ဘဝကိုမေ့ထားလိုက်ပြီး စာအုပ်ထဲကဇာတ်ကောင်နှင့်အတူ အခြားသူတွေရဲ့ဘဝကို လိုက်ကြည့်နေရခြင်းက စိတ်ထွက်ပေါက်ရစရာ။ ထို့ကြောင့် စာအုပ်တစ်အုပ်ကိုကိုင်ပြီး အိပ်ရာထဲတွင်ခွေနေရခြင်းက သူအကြိုက်ဆုံးအပန်းဖြေနည်းဖြစ်နေခြင်းဖြစ်သည်။

အခုလည်း စာအုပ်အရောင်းပွဲတော်ရှိနေကြောင်း သတင်းရထားသည့်အတွက် သူတစ်ယောက်တည်း စာအုပ်ဝယ်ဖို့ ရောက်လာခဲ့၏။ ရှည်လျားသောစာအုပ်အရောင်းတန်းကြီးတွင် သူ့လိုစာပေချစ်သူများနှင့် ပြည့်နှက်နေ၏။

ဘာစာအုပ်ဖတ်ရမလဲ။ ဘာဖတ်ရမလဲ။ တကယ်တော့ အခုတလော သူစိတ်ဝင်စားနေတာ ပုံပြင်စာအုပ်တွေပါ။ အရင်ကတည်းကလိုချင်နေသော တစ်ထောင့်တစ်ညပုံပြင်များအတွဲလိုက်ကို လိုက်ရှာကြည့်နေသော်လည်း မမြင်သေး။

နေဦး။ ဒါက မင်းသားလေးပဲ။ စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကတော့ သူ့စိတ်ကိုဆွဲဆောင်သွားလေသည်။ ငယ်ငယ်ကဖတ်ဖူးပြီး သဘောကျခဲ့ရသောစာအုပ်။ The Little Prince ဆိုတဲ့ပုံပြင်စာအုပ်။

သူက စာအုပ်အဖုံးပေါ်က အနီရောင်ဝတ်စုံနှင့်မင်းသားလေးကို တစ်ချက်ကြည့်ရင်း ရေးတေးတေးမှတ်မိနေသော မင်းသားလေး၏ဖြူစင်ရိုးသားမှုကိုပြန်တွေးကြည့်နေကာ နှုတ်ခမ်းများက ပြုံးယောင်ယောင်ဖြစ်လာ၏။

ဒီညတော့ဒါပဲဖတ်လိုက်တော့မယ်။ သူကတွေးလိုက်ပြီးနောက် စာအုပ်ကိုယူလိုက်ကာ ပိုက်ဆံရှင်းရန်အတွက် ကောင်တာဆီလျှောက်လာခဲ့၏။

Tom & JerryWhere stories live. Discover now