Extra Story Ep 1

757 76 21
                                    

Unicode version





အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို ရစ်ကြည့်လိုက်သကဲ့သို့ ခပ်မြန်မြန်ပဲပြီးဆုံးသွားခဲ့ပြီး အရာအားလုံးကလည်း သူ့ဟာနှင့်သူ အစီအစဉ်တကျ လည်ပတ်နေခဲ့ပါပြီ။

အခုဆိုလျှင် ဂျွန်ဆိုမီကလည်း သူ့လူနှင့်သူ ပြန်အဆင်ပြေနေသည်ဟုကြားရသည်။ မတွေ့ဖြစ်ကြပေမယ့် သည်လိုကြားရတာတော့ ဝမ်းသာစရာပါ။ ယူဂျောင်ယွန်းကလည်း ကနေဒါကိုပြန်သွားခဲ့တာ ကြာခဲ့ပါပြီ။ ထို့ကြောင့် သူတို့နှစ်ယောက်၏နေ့စဉ်ပုံမှန်ဘဝကလေးက အဆင်ပြေပြေနှင့်ဖြတ်သန်းနိုင်ခဲ့သည်မှာ ခြောက်လပင်ကြာမြင့်ခဲ့ပါပြီ။

သည်လိုပြောလို့ ပြဿနာမရှိဘူးလို့တော့ မထင်လိုက်ပါနှင့်။ မီနာက တစ်မိုးအောက်တစ်ယောက်ဖွား အရမ်းသဝန်တိုတတ်သူဖြစ်သလို ချယ်ယောင်း၏အလုပ်ကလည်း လူပေါင်းစုံနှင့်ဆက်ဆံနေရသည့်အတွက် တစ်ခါတရံတွင် အကဲပိုလွန်းသောဝန်းရံသူများရှိလာသည့်အခါ သူတို့နှစ်ယောက်အကြားတွင် ပွတ်တိုက်မှုကလေးများ အတန်အသင့် ရှိလာတတ်သည်။

များသောအားဖြင့်ကတော့ မီနာက လျှော်ပေးလိုက်တာပဲ များပါသည်။ အလုပ်ကိုက သည်လိုပရိသတ်တွေနှင့်ဆက်ဆံရသောအလုပ်ဆိုတော့လည်း နားလည်ပေးရတာမဟုတ်လား။ ပြီးတော့ သူကအကြီးဖြစ်သည့်အတွက် ချယ်ယောင်းကို အတတ်နိုင်ဆုံးနားလည်ပေးနိုင်ရန်သာ ကြိုးစားခဲ့ပါသည်။

ချယ်ယောင်းက သူနှင့်ယှဉ်လျှင် ကလေးလည်းဖြစ်သည့်အပြင် ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်သည့်အတွက် သူ့ဘက်က မည်သည့်နှောင်ကြိုးနှင့်မျှ နှောင်တွယ်မနေစေလိုပါ။ ဖြစ်နိုင်လျှင် ဆယ်ကျော်သက်ဘဝကို အပျော်ရှာရင်း လွတ်လွတ်လပ်လပ်သာဖြတ်သန်းစေလိုပါသည်။ ထို့ကြောင့်လည်း သူ့ဘက်ကဘယ်လောက်ပဲသဝန်တိုတို ချယ်ယောင်းသိအောင် ထုတ်မပြောပြဖြစ်တာများ၏။

သို့သော် လောကတွင် လူပါးအဝဆုံးက အချစ်ခံလူတန်းစားဆိုတာကိုတော့ သူလက်ခံရပါမည်။ သူတို့ကိုချစ်နေတာကိုသဘောကျတာကတစ်ပိုင်း တမင်သက်သက် ချစ်မှန်းသိ၍ အနိုင်ကျင့်တာကတစ်ပိုင်းပါ။ အထူးသဖြင့် ဘာလုပ်လုပ်ခွင့်လွှတ်မှာပဲဆိုပြီး အနိုင်ယူချင်တာမျိုးလေ။

Tom & JerryWhere stories live. Discover now