အခန်း (၃၂) ခြောက်လှန့်တောင်းယူခြင်း (အပိုင်း ၂)

954 207 6
                                    

ဒီယာနှင့် အယ်မဒန်ဒေး

ဒီယာဟာ မီးဖိုခန်းထဲသို့ မလှမ်းချင့်လှမ်းချင့်ခြေလှမ်းများဖြင့် ဝင်သွားပြီး ပန်းသီးများအားတလုံခြင်း တိတ်တဆိတ်ထုတ်ကာ ဘေစင်တွင်ဆေးဖို့ပြင်လေသည်။ ထိုအရာမှာ တကယ်တော့ သူ့အလုပ်မဟုတ်သော်လည်း အန်တိုနီရိုဒဏ်ရာရပြီးသွားသည့်နောက် အသီးကောက်သည်ထက်ပိုသော အလုပ်ကိုလုပ်ပေးလို့နေမိသည်။

နှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ အဲ... ဆွဲဆောင်စည်းရုံးနိုင်ဖို့ လမ်းစကို တွေ့နိုင်ရန်အလို့ငှာ မျှော်လင့်ချက်များစွာဖြင့် သူ့နောက်သို့ တောက်လျောက်လိုက်နေမိသော ဖိန်ရှာမှာ စကားတလုံးမှပင်မဟဘဲ မီးဖိုခန်းထဲတွင် ရေလိုက်သင့်ငါးလိုက်သင့် အလုပ်လုပ်နေကြသည့် ဒီယာနှင့်အန်တိုနီရိုတို့ကို ကြုံတွေ့လိုက်ရသည့်အခိုက်တွင်တော့ သူ့အစီအစဉ် ပြည့်စုံကောင်းမွန်ပါရဲ့လားဟုပင် သူ့ကိုသူသံသယဝင်မိသွားလေသည်။

နတ်သမီးပုံပြင်တော်တော်များများဟာ ဇာတ်လမ်းကို နားဝေတိမ်တောင်ဖြင့် အသက်ထက်ဆုံးပျော်ရွှင်ချစ်ကြည်စွာ နေထိုင်သွားကြလေသတည်းဟူ၍သာ အဆုံးသတ်လေ့ရှိကြပေမဲ့လို့ သူတို့မူလတကယ့်ဇာတ်လမ်းများတွင်လည်း အတော်ကိုမှ စိတ်ပျက်ဖွယ်ကောင်းသော အဆုံးသတ်ကိုယ်စီရှိကြသည်။ ဥပမာအနေဖြင့် ရေသူမလေးပုံပြင်ကိုပဲ ကြည့်ကြပါ... သမုဒ္ဒရာကြမ်းပြင်အောက်က သူမ၏ဂုဏ်သတင်းမှာ အတော်လေးချိုမြိန်ကျော်ကြားပြီး မင်းသမီးလေးလည်း ဖြစ်နေပြန်သေးတယ်လေ... ဒါတောင်မှ သူ့ခမျာ ဟိုအဆိပ်ကိုသောက်ဖြစ်အောင်သောက်ပြီး ကုန်းမြေပေါ်ကို တက်သတဲ့... ဘာကြောင့်လဲ... ဘာလို့ဆို ယောက်ျားချောချောတယောက်ရှိလို့ပေါ့... အဲ့ယောက်ျားချောချောက ဖြင့် သူမကို ပြန်တောင်မချစ်ပေးခဲ့တဲ့သူ... နောက်ဆုံးကျတော့ သူ့မှာ ပင်လယ်ရေမြှုပ်အဖြစ်ပြောင်းသွားရရှာပြီး အဲလိုပုံပြင်မျိုးကို ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးလို့ ခါးသီးစွာ ဆက်ပြောနေရဦးမှာလား...

"မင်းဘာစားချင်လဲ"

စကားစပြောလိုက်သည့်အသံကြောင့် ဖိန်ရှာအသိပြန်ဝင်လာရသည်။ ကံမကောင်းစွာဖြင့် အန်တိုနီရို ဦးတည်မေးလိုက်သည့်လူမှာ သူ့ကိုပင်ဖြစ်သည်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now