Episode 39 (U+Z)

8.3K 856 244
                                    

အပိုင်း ၃၉

ယခုအချိန်တွင် သူ့ကို ဘာအတွက် ရှင်သန်မလဲဟု မေးလာလျှင် သူ တကယ်ပင် မဖြေတတ်တော့ဘူးဟု ခန့်လင်းအောင် ခံစားလိုက်ရသည် ။
ထိုကျည်တောင့် ခေါင်းထဲဝင်သွားလျှင်တောင် နာကျင်မှု ချုပ်ငြိမ်းပြီး သက်သာရာ ရသွားမည်ဟု သူ တွေးမိသည် ။

" ပစ်ချင်ရင် ပစ်သာ ပစ်လိုက် ထက်အာကာကြယ်... "

သူ အေးဆေးစွာပင် ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ပြန်ပြောလိုက်နိုင်သည် ။

" မင်းက သေမှာတောင် မကြောက်တော့ဘူးပေါ့... သတ္တိတွေ အရမ်းကောင်းနေပါလား... "

သူ ဘာမှ ပြန်မပြောတော့ဘဲ မျက်စိသာ မှိတ်လိုက်သည် ။
ထက်အာကာကြယ်သာ လက်တစ်ချက် ကွေးလိုက်လျှင် သူ့ဘဝက အပြီးသတ် သွားပြီ ဖြစ်သည် ။
သို့သော် ထက်အာကာကြယ်က သူ့ကို ပစ်မလာခဲ့ပေ ။

" ဒါပေမယ့် စိတ်မပူပါနဲ့... ငါက မင်းကို မပစ်ပါဘူး... မင်းအနောက်မှာ မိုးသောက်ကြယ်ကော ဇဏ်မင်းမောင်ကော ရှိနေတာပဲ... ဒီလို အဖိုးတန်လေးကို ငါ မထိပါဘူး... ဟားဟား... "

မိုးသောက်ကြယ် ဟူသော နံမည်ကို ကြားလိုက်ရသည်နှင့် သူ့ရင်ထဲ စပ်ဖျဥ်းဖျဥ်း နာကျင်သွားရသည် ။

" အိုး... ငါမေ့နေတာပဲ ... မိုးသောက်ကြယ်က ခုနလေးကတင် မင်းကို စွန့်ပစ်သွားပြီဆိုတာ.... မင်းဘဝက သနားစရာ လေးပဲ... "

သူ ဘာမှ ပြန်မပြောဘဲ ဒီအတိုင်းသာ ငြိမ်နေလိုက်သည် ။
ထက်အာကာကြယ်က သေနတ်ကို ပြန်ရုတ်သွားပြီး သူ့ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်သည် ။

" အခုတော့ မင်းကို လွှတ်ပေးလိုက်မယ်... ဒါပေမယ့် ငါနဲ့ ညည့်ခေတ်ယံအကြောင်း တစ်စုံတစ်ခုကြောင့် ပေါက်ကြားသွားတယ် ဆိုရင်တော့ ငါကိုယ်တိုင် မင်းကို လာသတ်မယ်... အဲ့အခါကျရင်တော့ ကျည်ဆံအစစ်က မင်းခေါင်းထဲကို ထိုးဖောက်သွားမှာနော်... "

" မင်းနဲ့ ညည့်ခေတ်ယံ ကိစ္စကို ငါ စိတ်လည်း မဝင်စားဘူး... မိုးသောက်ကြယ်နဲ့ ငါနဲ့လည်း ဘာမှ မပတ်သတ်တော့ဘူး... "

ထက်အာကာကြယ်က ရယ်မောကာ သူ့ကို ကြည့်လာသည် ။

" အကယ်၍ မိုးသောက်ကြယ် ကို သစ္စာဖောက်ပြီး ငါနဲ့ ပူးပေါင်းဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်... ဟုတ်ပြီလား... ဦးသူရိန်ရာဇာလို လူမျိုးတောင် ငါနဲ့ ကင်းတာမဟုတ်ဘူး... "

I accidentally became a Villain Prince (Completed) Where stories live. Discover now