Episode 41 (U+Z)

8.4K 794 181
                                    

အပိုင်း ၄၁

အမြဲတမ်း မိုးသောက်ကြယ်နှင့် အခြား အိမ်သားများ အရှေ့ရောက်လျှင် ကျိုးနွံဖြူစင်ချင်ဟန် ဆောင်တတ်ပြီး သူတစ်ယောက်ထဲအရှေ့ကျလျှင် ဟန်မဆောင်ဘဲ စိတ်ရင်းပေါ်လာတတ်သော ညည့်ခေတ်ယံက အခု သူ တစ်ယောက်ထဲ ရှိနေချိန်၌ပါ ဒူးထောက်ချလာသောကြောင့် သူ အံ့သြသွားရသည် ။

ဒီကောင်က ဘာလိုချင်လို့ ငါ့ကို ဒူးထောက်ပြနေရတာလဲ ။
သူလိုချင်တာတွေလည်း အကုန် ရနေပြီးပြီပဲ မဟုတ်ဘူးလား ။
ဒီအချိန်မှာ ငါက ညည့်ခေတ်ယံနဲ့ ထက်အာကာကြယ် ဖောက်ပြန်နေကြပါတယ် သွားပြောရင်တောင် မိုးသောက်ကြယ်က ယုံကြည်မှာ မို့လို့လား ။
ဒါကြောင့်မို့ ငါကလည်း အပင်ပန်းခံပြီး ဒီကိစ္စကို မိုးသောက်ကြယ်ဆီ သွားပြောနေမှာ မဟုတ်ဘူးလေ ။

ညည့်ခေတ်ယံ၏ ရည်ရွယ်ချက်ကို နားမလည်သောကြောင့် သူ ရှုပ်ထွေးသွားရသည် ။
ထို့ကြောင့် သူ ညည့်ခေတ်ယံ ဒူးထောက်နေသည်ကို အေးစက်စက်သာ ကြည့်ပြီး ပြန်ပြောလိုက်နိုင်သည် ။

" ဒီနေရာမှာ မင်းနဲ့ ငါနဲ့ပဲ ရှိတာ... တခြား ဘယ်အိမ်သားမှ ရှိတာ မဟုတ်ဘူး... ငါ့အရှေ့လာပြီး ဟန်ဆောင်ပြနေစရာ မလိုဘူး... "

" ကျွန်တော် ဟန်ဆောင် နေတာ မဟုတ်ပါဘူး... ကျွန်တော် ကိုနေတာရာ့ကို စိတ်ရင်းနဲ့ တောင်းပန်နေတာပါ ... "

" စိတ်ရင်းနဲ့... ဟုတ်လား... ကောင်းပြီလေ... ဒါဆို ငါ နားထောင်ကြည့်ရတာပေါ့.... ဘယ်ကိစ္စတွေကို စိတ်ရင်းနဲ့ တောင်းပန်မလဲ ဆိုတာ... "

ညည့်ခေတ်ယံက ခေါင်းကို ငိုက်စိုက်ချလိုက်ပြီး စပြောလာလေသည် ။

" ပထမဆုံးအနေနဲ့ ကျွန်တော်နဲ့ ကိုထက်အာကာကြယ်တို့ အကြောင်းကို ရှင်းပြပါရစေ... "

" မင်း ငါ့ကို ရှင်းပြချင်တယ် ဆိုရင် ထိုင်ခုံပေါ်မှာ အရင်ဆုံး ထိုင်ပြီးမှ ပြောပါလား... အဲ့ဒါမှ ငါ နားထောင်ဖို့ အဆင်ပြေလိမ့်မယ်... "

သူ ညည့်ခေတ်ယံ အကြောင်းကို သိထားသူပီပီ ထိုသူကို အောက်တွင် မထိုင်ခိုင်းထားရဲ ။
တံခါးက ပိတ်ထားသည် ဆိုသော်လည်း အိမ်သား တစ်ယောက်ယောက်က အချိန်မရွေး ဝင်လာပါက သူကပင် ညည့်ခေတ်ယံကို ဒူးထောက်ခိုင်းထားသည် ဟူသည့် သောက်အဓိပ္ပါယ် မရှိသော အကြောင်းပြချက်ကို ပေးနေနိုင်သေးသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now