အခန်း ၁၁။

4.6K 390 14
                                    

Unicode

အဲ့ဒီမနက်ခင်းက နိမိတ် ဦးတင့်ထွန်းဆီကနေ ဖုန်းလက်ခံရရှိခဲ့တာဖြစ်သည်။ ခဲတောင့်သွားတဲ့တစ်ကိုယ်လုံးက သွေးကြောတွေပင်ပြောင်းပြန်စီးဖြာသွားသလို ခံစားရသည့်အထိ။

အစည်းအဝေးခန်းမရဲ့ထိပ်ပိုင်းနေရာမှာထိုင်နေရင်းမှ လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ကိုင်ကာ ဝုန်းခနဲမတ်တပ်ရပ်လိုက်သည်နှင့် တစ်ခန်းလုံးတိတ်ဆိတ်ကာနိမိတ်မျက်နှာကိုအရိပ်အကဲခတ်ကြသည်။

" အစည်းအဝေးကိုဆက်လုပ်ထား "

ခြေလှမ်းကျယ်များဖြင့် အခန်းကနေပြေးထွက်တော့မတတ် လှမ်းထွက်သွားလျှင် အထွေထွေအတွင်းရေးမှူးလေးခမျာ နိမိတ်နောက်ကနေဒရောသောပါးပြေးလိုက်ရချေ၏။

elevator ထဲတန်းတန်းမတ်မတ်ဝင်၍ အစည်းအဝေးလွှာမှတစ်ဆင့် CEO ရုံးခန်းဘက်သို့ သူ့စိတ်ဇောကလောနေပြီဖြစ်သည်။ ထို့နောက် တံခါးပွင့်သွားတာနှင့် သူခပ်သွက်သွက်ပင်လှမ်းသွားမိတော့၏။

ဆေးစစ်ချက်အဖြေမှာ နိမိတ်ထင်ထားသည်ထက်ပို၍သေချာကြောင်းပြောလာလျှင် နိမိတ်တစ်ကိုယ်လုံး ထူပူနေတာပင်ဖြစ်သည်။ ရုံးခန်းအတွင်းသို့ရောက်သည်နှင့် ဆိုဖာကဦးတင့်ထွန်းက မတ်တပ်ရပ်ကာနှုတ်ဆက်၏။

" မောင်နိမိတ် "

" ဆေးစစ်ချက် "

လက်ဖဝါးကြီးဖြန့်၍ ဦးတင့်ထွန်းဆီတောင်းတော့ ဦးတင့်ထွန်းက ကပျာကယာဖြင့်သူ့လက်ဆွဲအိတ်ကြီးထဲကနေ ဖိုင်အိတ်အညိုလေးကိုထုတ်ပေးလာ၏။

" ဘာလို့အဖြေထွက်ဖို့ အဲ့သည့်လောက်ကြာရတာလဲ "

" ကျုပ်အတွက်လည်း ဒါကတာဝန်ကြီးတယ်လေ မောင်နိမိတ်ရဲ့ အသက်ကိုတောင်ဖက်နဲ့ထုပ်ထားရတာ ဒီဆေးစစ်ချက်ကြီးကို ရွှေလိုသိမ်းဖို့ကလွယ်မှမလွယ်တာကိုး "

ဦးတင့်ထွန်းပြောတော့လည်းဟုတ်တုတ်တုတ်ပင်။ နိမိတ်ဆိုဖာတွင်အိန္ဒြေပျက်စွာဝင်ထိုင်လိုက်ပြီးမှ ဆေးမှတ်တမ်းစာရွက်တွေကိုစစ်ကြည့်ရချေ၏။

" ဒါ ဒါ "

ဆတ်ဆတ်ခါအောင်တုန်ယီနေသည့်နှလုံးသည် ကတုန်ကယင်ဖြစ်နေသည့်လက်များကဲ့သို့ပါပင်။ နှလုံးသားထဲသို့ တစ်စုံတစ်ယောက်က အတင်းဝင်ရောက် ဖျစ်ညှစ်ထားသည့်နှယ်။ အသက်ရှူတွေပင်မြန်ကာ လှိုက်ကာမောကာဖြင့် အတော်ကိုစိတ်လှုပ်ရှားနေရသည်။

The Crown ✅Where stories live. Discover now