//61//

2.7K 530 79
                                    

Unicode

[ ကိုယ်တို့ ပြန်ဆုံပြီ ]

ထိုညတစ်ညလုံး မိုးတွေရွာနေခဲ့သည်။

ကြီးမားသောမိုးသီးမိုးပေါက်များက တဖြောက်ဖြောက်မြည်အောင် ကျဆင်းနေကာ အရာအားလုံးကို ချေမွပစ်ချင်သလိုမျိုး။ လျှပ်စီးနှင့်မိုးခြိမ်းသံသည်လည်း လက်တစ်ကမ်းအလိုမှာ ရှိနေသလားထင်မှတ်ရလောက်အောင် ဖြစ်နေခဲ့၏။

လုကျန်းဖေက ချန်ချန်းချင်ကို ထပ်မခေါ်တော့ပေ။

ရွှံ့စေးရုပ်လိုမျိုး မိုးရေထဲမှာ
တစ်ကိုယ်တည်းရပ်နေခဲ့သည်။ မိုးရေ၏
တိုက်စားမှုကြောင့် မြေကြီးနှင့်အတူ မျောပါ
သွားသောတချို့အရာတို့ကို ဘယ်သောအခါမှ ပြန်လည်ရရှိနိုင်မှာမဟုတ်။

မိုးစဲသွားပြီးနောက် ချန်ချန်းချင်ဆီကို
ဟန်ဟွိုက်ယွင်က မက်ဆေ့ခ်ျတစ်စောင်ပို့လာ၏။

"ကျေးဇူးတင်ပါတယ်" ဟူသောစကားလုံးများသာ။

ချန်ချန်းချင် အိပ်ရာမှထကာ ပြတင်းပေါက်နားသို့ ထပ်လျှောက်သွားလိုက်သည်။
လှမ်းမြင်နေရသောကွင်းပြင်ကျယ်တွင်
လူတစ်ယောက်မှမရှိတော့။ မနေ့ညက
အထီးကျန်ဆန်သောပုံရိပ်တစ်ခုဟာ ထင်‌ယောင်ထင်မှားအလား။

အဆုံးမှာတော့ လှောင်ပြောင်ကျီစားတတ်သောကံကြမ္မာသည် သူ့လမ်းကြောင်းသူ ထွင်ခဲ့လေပြီ။

ချန်ချန်းချင်ဆီ လုကျန်းဖေရောက်လာခဲ့တာ အိပ်မက်တစ်ခုလိုထင်ရသည်။

ထိုနောက်ပိုင်းတွင် လုကျန်းဖေအကြောင်း
ဘာသတင်းမှမကြားရတော့။

ချန်ချန်းချင်က ဝမ်ဝူလင်ဆီမှာ လုကျန်းဖေအကြောင်း မေးဖြစ်သည်။ ဝမ်ဝူလင်က
မကွယ်မဝှက်ပြောပြ၏။ လုကျန်းဖေ ပြန်သွားရပြီးနောက် အဖေဖြစ်သူက သေလောက်အောင် ရိုက်နှက်ခဲ့ကြောင်း၊
အရေးပေါ်ခန်းသို့ပင် ရောက်ခဲ့ကြောင်း၊
အမေဖြစ်သူသာ ဝင်မတားပါလျှင်
လုကျန်းဖေ သေသွားလောက်ကြောင်း။

ချန်ချန်းချင်က နားထောင်ပြီးနောက် ဘာမှပြန်မပြောပေ။ မျက်နှာအမူအရာလည်း လွန်လွန်ကဲကဲဟန်မပြ။ ထိုကိစ္စသည်
သူနှင့်ဘာမှမဆိုင်သယောင်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now