Extra(2)

404 28 0
                                    

#Unicode

အနေဝေးရင် သွေးအေးတယ်....အနေကြာရင် သူစိမ်းတွေဖြစ်သွားတတ်တယ် ဆိုတဲ့စကားတွေကို ကြားရဖန်များလာတော့ ရင်တွေပူလာမိတယ်...။ သူကျွန်တော့်အပေါ် သွေးအေးသွားပြီလား?... အခုနေပြန်တွေ့ရင်ရော အရင်လိုချစ်ပါဦးမလား?... ခွန်း... မင်းအချစ်တွေ ငါ့အတွက် မဖြစ်နိုင်တော့မှန်းသိပေမယ့် မျှော်လင့်နေမိသေးတာကိုတော့ ငြင်းမရဘူးပေါ့....။ ငါချစ်ခဲ့တာ မင်းကို တစ်ခဏတာမှ မဟုတ်ပဲ......။

"ကိုရှိုင်း.....ကိုရှိုင်း...."

လေဆိပ်တွင် လာကြိုသော သုကျော့ရှင်းက ရှိုင်းကိုတွေ့တော့ ဖက်ကာငိုလေသည်။ ရှိုင်းလည်း မျက်ရည်မကျမိအောင် ကြိုးစားပြီး ညီမဖြစ်သူကိုသာ နှစ်သိမ့်ပေးမိသည်။ အမှန်ဆို သူလည်း အခုလို နှစ်သိမ့်ဖော်တစ်ယောက်လိုနေတာပါ။ သူ့ဘေးမှာ မားမားမတ်မတ်ရပ်တည်ပြီး အရာရာကိုရင်ဆိုင်ပေးမယ့် လက်တစ်စုံလေးပဲ လိုအပ်နေခဲ့တာပါ။

" မငိုပါနဲ့တော့ ရှင်းရယ်... ဖြစ်ပြီးတာတွေက ဖြစ်ပြီးပြီပဲလေ... ပြန်ပြင်လို့မှမရတော့တာ... ကိုယ်လည်းဒယ်ဒီ့ကို ပစ်ထားမိသလိုဖြစ်ခဲ့တာပဲ...ရှင်းက ဒယ်ဒီ့ကို အနီးကပ်ပြုစုခဲ့ရ‌ပါသေးတယ်... ရှင်းက ကိုယ့်ထက် အများကြီး သာပါတယ်....မငိုပါနဲ့တော့နော်....."

ရှင်း ကိုနှစ်သိမ့်စကားပြောနေရင်းမှ သူ့မျက်ဝန်းတွင်လည်း မျက်ရည်အချို့တို့ရစ်သိုင်းလာလေသည်။ သို့သော် မငိုမိအောင် မြိုသိပ်ကာ အံကိုခပ်တင်းတင်းကြိတ်ထားလိုက်မိသည်။ ဝမ်းနည်းစရာရှိတိုင်း ငိုရစတမ်းဆိုပါက သူ့ဘဝတွင် ငို‌ရဖန်များလွန်းလို့ မျက်ရည်ပင်လယ်အစင်းပေါင်းပင် ရေတွက်နိုင်လိမ့်မည်မထင်။ သူ့ဘဝအစကတည်းက သာယာဖြောင့်ဖြူးခဲ့တာမှ မဟုတ်ပဲ၊ အခက်အခဲအမျိုးမျိုး၊ပြဿနာအမျိုးမျိုးကို မရိုးနိုင်အောင် ခါးစည်းခံရရင်း မျက်ရည်တို့ကိုသာ အဖော်ပြုရသည်။

သူ့ဘဝတွင် နှစ်နှစ်ကာကာ ချစ်ပြီး တစ်ဘဝစာအဖြစ်ရည်ရွယ်ထားခဲ့သည့် ချစ်ဦးသူနှင့် သေကွဲကွဲခဲ့ရပြီးနောက်ပိုင်း ပျော်စရာဟူသည်ကား ခွန်းဟူသော လူသားလေးပင်ဖြစ်ခဲ့သည်။ သို့သော် ထိုပျော်စရာကား ရေပေါ်တွင် အရုပ်ရေးရသလို ပီသရှင်းလင်းခြင်းတို့ရှိမနေခဲ့ပေ။ သူ့နှလုံးသားမှ အချစ်စစ်စစ်တစ်ခုကို ခံစားမိပြီးသည့်နောက်တွင်လည်း ကံဆိုးမှုတို့က တစ်သီတစ်တန်းကပ်ပါလာခဲ့သေးသည် မဟုတ်လား။ သေကွဲကွဲရခြင်းထက် ရှင်ကွဲကွဲနေရသည့် ခံစားချက်က သူ့အတွက် တော့ ပိုပြင်းလွန်းလှသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now