Part - 55

2.9K 203 12
                                    

( Unicode )

မမြဲသော ဥတုသည် တစ်ဖြည်းဖြည်းနှင့်ပင် ဆောင်းဦးသို့ တစ်ဖန် ကူးပြောင်းလာခဲ့သည်။
ရွက်ဟောင်းများ ကြွေသော အချိန်သို့လည်း တစ်ဖန်ပြန်လည်ရောက်ရှိနေပြန်ပြီဖြစ်ကာ ကျောင်းများလည်း စတင်တက်နေပြီဖြစ်သည်။
ကျောင်းပိတ်ကာလအတွင်း Dreamသည် သူ သင်ယူသင့်ထိုက်သည့် အလုပ်များအား အချိန်ပေး သင်ယူနေကာ ချားလစ်သည်လည်း သူ့အား မည်သည့် ဆက်သွယ်မှုကိုမှ မလုပ်ခဲ့ချေ။
သုံးလ လုံးလုံး ချားလစ် သူ့အား မဆက်သွယ်နိူင်လောက်သည်အထိ ဘာတွေများ အလုပ်ရှုပ်နေသည်လဲ Dreamမခန့်မှန်းနိူင်တော့။ချားလစ်၏ အဆက်ဖြတ်မှုအပေါ် သူ ဝမ်းမနည်း ဟုပြောလျှင် သူညာတာ ဖြစ်သည်။သူသည်လည်း အချော့ခံချင်သည်။မှားမှားမှန်မှန် ချစ်ရသူထံမှ ချော့မော့ တောင်းပန်မှုအား သူလိုချင်သည်။သို့သော် ချားလစ်သည် ချော့မော့မှု မရှိသည့်အပြင် ဖုန်းအဆက်အသွယ်ပင် မလုပ်ခဲ့ချေ။
ဤ ဆက်ဆံရေး တစ်ခုသည် ဒီအတိုင်းသာ ပြီးဆုံးသွားတော့မည်ကို Dreamတွေးကြောက်မိသည်။သို့သော် မာနကြီးလွန်းသောDreamသည်ချားလစ် ဆက်သွယ်မလာ၍ သူသည်လည်း အဆက်သွယ်မလုပ်ချင်ခဲ့ပေ။

အကြောင်းမှာ သူ မအားလပ်သောကြောင့်ဟု ဆိုနိူင်သော်လည်း အဓိက အကြောင်းအရင်းမှာ သူ့ကိုယ်သူ စမ်းသပ်နေခြင်းပင်။
ရှည်ကြာသည့် LDRSအား သူခံနိူင်ရည် ရှိ မရှိနှင့် ပတ်သက်၍ Dreamသူ့ကိုယ်သူ ပြန်လည်ဆန်းစစ်နေခဲ့သလို ချားလစ်ဝိန်း မရှိဘဲ အဆင်ပြေအောင် နေနည်း များကိုလည်း လေ့လာဖြစ်ခဲ့သည်။
ယခုတစ်ခါ ဖြစ်သော ပြဿနာသည် သူတို့၏ ချစ်သူသက်တမ်း တစ်လျှောက်တွင် အကြီးမားဆုံး ပြဿနာဟုဆိုရမည် ဖြစ်သည်။
ယခင်က ပြဿနာများ ၊သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သော်လည်း စိတ်ထဲ၌သာ ထားကာ အချင်းချင်း လျစ်လျူရှု ပေးခဲ့ကြ၍ ရန်မဖြစ်ခဲ့ကြသလို တစ်ယောက်အပေါ် တစ်ယောက် နားလည်ပေး၍ ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့ကြပေ။
ယခုအခါတွင် တော့ ယခင်က သိမ်းထုပ်ထားခဲ့ရသည့် မကျေနပ်ချက်များကိုပါ ဖွင့်ထုတ်မိသွားသောအခါ နှစ်ဦးသား၏ ပြဿနာမှာ ပိုကြီးမားလာရသည်။
ချားလစ်သည် သူ့အား ဖောက်ပြန်သူ ဟု စွပ်စွဲခဲ့မှု သည် Dreamအား အတော်ပင် ဝမ်းနည်းကာ ခံရခက်စေသည်။
ချားလစ်ဝိန်း ကိုသာ ကြည့်ကာ ရှင်သန်နေခဲ့သော Dreamသည် ချားလစ်၏ စွပ်စွဲပြစ်တင်မှုများအား သေချာပေါက် ပင် ခံနိူင်ရည် မရှိခဲ့ပေ။
အပြင်ပန်းတွင် အဆင်ပြေသည့် ပုံစံဖြစ်နေသော်လည်း သူ၏ အနက်ရှိုင်းဆုံးသော တစ်နေရာတွင် မည်မျှထိ ဝမ်းနည်း နာကျင်ရသည်အား သူသာအသိဆုံးပင်။
ချစ်ရသူ က မိမိအား မယုံကြည်ခြင်းထက် ဆိုးဝါးသော အတိဒုက္ခသည် အဘယ်တွင် ရှိလိမ့်မည်နည်း။ချစ်သူ၏ မုန်းခြင်းပေလော။သေချာသည်က တစ်လောကလုံးမှ လူများ သူအားရွံရှာမုန်းတီးနေလျှင်ပင် သူခံနိူင်ရည်ရှိလိမ့်မည်။သို့သော် ချားလစ်ဝိန်း ၏ မယုံကြည်မှုနှင့် ဥပေက္ခါပြုမှုကိုတော့ သူခံစားနိူင်စွမ်းမရှိပေ။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now