(၂၀)

789 64 18
                                    

မနက်ဝေလီဝေလင်းအချိန်တွင်ပင် စောစီးစွာနိုးနေခဲ့သည့် ခခ။ ညီအစ်ကိုနှစ်ဦး​၏ တိုက်ခန်းလေးကတော့ ငြိမ်သက်လို့နေသည်။ မိုးလင်းသည်နှင့်အချက်ပြလေသည့် အစာအိမ်ကို ခပ်တိုးတိုးကျိန်ဆဲရင်း သုခ အပေါ်ထပ်မှသာဆင်းခဲ့လိုက်တော့​၏။

ခြေသံလုံလုံဖြင့်ဆင်းရင်း ယမန်နေ့က အစ်ကိုဖြစ်သူထံရောက်လာသည့်ပါဆယ်ထုပ်ကလေးက မျက်လုံးထဲတန်းဝင်လာသည်မို့ အစာတောင်းနေသည့်ဗိုက်ကို အာရုံလွှဲရန် အထုပ်လေးဆီဦးတည်လိုက်သည်။ ထိုအချိန်ထိ ကိုကိုကြီးကား အိပ်မောကျနေဆဲ။

"ဟင်"

ထူးထူးခြားခြား တစ်စုံတစ်ခုမရှိသော်လည်း အထုပ်ထဲရှိစာကတ်လေးက ခခကို စောစောစီးစီးဒေါသထွက်စေသည်။ "ကိုသုအတွက် ကော်ဖီစစ်စစ်။ ကျောင်းရောက်ရင် စောင့်ရှောက်ပေးပါဦး" ဆိုသည်က မိုးသွင် ဆီမှလွဲ၍ မည်သူ့ဆီကမှမဖြစ်နိုင်။

နေရောင်ခြည်ပျပျသာရှိသည့်အခန်းလေးထဲ မင်းသုခတစ်ဦးတည်းပျာယာခတ်နေရသည်။ သည်အတိုင်းဆိုလျှင် မိုးသွင် ငယ်စဉ်က စနောက်ခဲ့ဖူးသည့် "ကိုကိုကြီးကိုငါကြိုက်တယ်"ဟူသည့်စကားက ယခု လက်တွေ့ဖြစ်လာပြီမလား။ ထိုစဉ်က မိုးသွင် ဤကဲ့သို့ပြောတိုင်း အစ်ကိုကြီးကို တွန့်တိုစွာဖြင့် မိုးသွင်နှင့်တစ်ပွဲတစ်လမ်းနွှဲခဲ့ရသည်မှာ အကြိမ်ပေါင်းမနည်း။ ရန်ဖြစ်သည်ကို ကိုကိုကြီးသိရှိသွားလျှင်လည်း လိမ်ညာပြောရသည်က ခပ်များများ။ ဒါတွေ ကိုကိုကြီး သိမှသိပါလေစ။

"ခခ အစောကြီးနိုးနေတာလား"

မီးဖိုခန်းဆီရုတ်တရက်ဝင်လာသည့်သုတကြောင့် ခခကိုယ်လေးခမျာတုန့်ခနဲ။

"အစ်ကိုတစ်ယောက်လုံးဝင်လာတာကို အဲ့လောက်လန့်နေရအောင် .... မဟုတ်တာတွေတွေးနေတယ်မလား။ မင်းနော်.. ခခ"

မနက်စာအတွက် စတင်ပြင်ဆင်ရင်း သူ့ကို မေးခွန်းထုတ်လေသည့်ကိုကိုကြီးပါပဲ။

"အိပ်ရာကနိုးချင်သေးတာမဟုတ်ဘူး ကိုကိုကြီးရဲ့။ မျက်လုံးပွင့်တာနဲ့ဗိုက်ကဆာလာလို့အောက်ဆင်းလာတာ"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now