(၁)

18.3K 618 26
                                    

တိမ်ပြာပြာကောင်းကင်ကြီးအောက်တွင် ဆိတ်ငြိမ်ရပ်ကွက်ကလေးက အေးချမ်းစွာတည်ရှိနေသည်။ လမ်းတစ်ဖက်တစ်ချက်တွင် အစီအရီရှိနေကြသည့် သစ်ပင်ကြီးများက ဤလမ်းကလေးကိုအရိပ်ပေးနေသလို အရောင်စုံလှပနေသည့် ပန်းပင်ကလေးများကလည်း ဖြတ်သွားဖြတ်လာလူများကို လန်းဆန်းစေပြန်သည်။

လမ်း​၏ အလယ်ဗဟို တည့်တည့်တွင် နှစ်ထပ်တိုက် ခပ်ကြီးကြီးတစ်လုံးက ခန့်ခန့်ညားညားနေရာယူနေ​၏။ အိမ်ကြီး​​၏ အပေါ်ဆုံးထပ်တွင်တော့ လေသာဆောင်ကလေးရှိနေ​သည်။ လေသာဆောင်ကလေးရှိ ဝရံတာတွင် ပန်းခြံကလေးက အကျအန လှလှပပ နေရာယူလျှက်။ ဒန်းကလေးနှင့် ဝါးပင်အလတ်စားကလေးကလည်း ပနံကျလှစွာ။

​ဒန်းကလေးပေါ်တွင် ရှစ်နှစ်အရွယ်ကောင်လေးတစ်ဦးက အရွယ်နှင့်မလိုက်ဖက်စွာ စာအုပ်ကလေးဖတ်ရင်း အေးဆေးစွာထိုင်နေ​၏။ ကောင်လေး​၏ ဆံပင် ခပ်အုပ်အုပ်ကလေးများက လေအဝှေ့တွင် မလွင့်ချင်လွင်ချင်ဖြင့် လှုပ်သည်ဆိုရုံကလေးလွင့်နေ​၏။

"သား"

ပုခုံးလေးကိုဆုပ်ကိုင်မိတော့ ကောင်ငယ်လေးက မျက်မှန်ဝိုင်းကလေးကို ပင့်တင်ရင်း မော့ကြည့်လာသည်။

"ဖေဖေ"

"အခန်းထဲမှာဖတ်တာမဟုတ်ဘူး သားကလည်း။ ဒီမှာ လေစိမ်းတွေ တိုက်နေတာကို"

"မေမေက တကယ်သေသွားတာလားဟင်"

နုနုငယ်ငယ်သားဖြစ်သူ​၏ စကားကြောင့် ဖခင်ဖြစ်သူ ပြောစရာစကားရှာမတွေ့တော့။ ရှစ်နှစ်ဟူသော အရွယ်က သိတတ်လာပြီဖြစ်သည်မို့ ငယ်စဉ်ကလို မေမေက ခရီးသွားတာ ဟုချော့မြူလျှင် ယုံကြည်တော့မည်မဟုတ်ကြောင်းလည်း ဦးမင်းအောင် ကောင်းကောင်းကြီး သဘောပေါက်လေသည်။

"သားက မေမေ့ကို သတိရလို့လား"

"သတိရတယ်တော့မဟုတ်ပါဘူး။ ကျောင်းမှာ ထမင်းစားချိန်ဆို သူငယ်ချင်းတွေက ပြိုင်ကြွားကြတာ။ သူတို့အမေချက်ပေးတဲ့ ဟင်းတွေကို"

ဖတ်လက်စ စာအုပ်ကလေးကို ပိတ်ရင်း မျက်မှန်ဝိုင်းကလေးအောက်က မျက်လုံးဝိုင်းကလေးတွေက ပေကလပ် ပေကလပ်ဖြင့်အဝေးကို ငေးကာ တွေးစစ ပြော​၏။ လူကြီးဆန်စွာ ပြောနေသော်လည်း ဤကလေးဟာ အသက်အရွယ်အားဖြင့် ရှစ်နှစ်သာရှိသေးသည်လေ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now