(၂၇)

1.5K 91 41
                                    

နေရောင်ပျပျမြင်ရသည့်အချိန်။ အရှေ့ဘက် ကမ်းနဖူးမှမေးတင်လာသည့် နေမင်းကြီးက အရောင်အဝါဖြင့် ဝန်းကျင်တစ်ခုလုံးဆီဖြန့်ကျက်လို့။ အလင်းရောင်ရပါပြီဆိုသည်နှင့် နိစ္စဓူဝအမှုများအတွက် ရုန်းကန်လှုပ်ရှားကြရသည့် လူသားတို့ကြောင့် လောကကြီးက အသံဗလံတို့ဖြင့် စည်ကားစပြုလာတော့သည်။

ညီအစ်ကိုနှစ်ဦး​၏ တိုက်ခန်းလေးထဲတော့ မီးဖိုပေါ်မှ ဆီပူသံကလွဲ၍အရာရာ ဆိတ်သုဉ်းလို့နေသဆဲသာ။ မီးဖိုချောင်ထဲ အတွေးပေါင်းများစွာဖြင့် ချက်ပြုတ်နေသည့် သုတနီးတူ အခန်းထဲတွင်လည်း စာမေးပွဲအတွက်စာကျက်နေသည့်ခခက စိတ်တွေလွင့်မြောနေလို့။

ယမန်နေ့ကကိစ္စဖြစ်ပြီးနောက် ညီအစ်ကိုနှစ်ဦးစကားမပြောဖြစ်သည်မှာ ရက်အနည်းငယ်ရှိခဲ့ပြီ။ ဝတ်ကျေတန်းကျေအနေအထားဖြင့် ဆက်ဆံနေကြသည့် အနေအထားကို နှစ်ဦးစလုံးမနှစ်မြို့သည့်တိုင် ဖြေရှင်းရန်နည်းလမ်းကိုလည်း နှစ်ဦးစလုံး မတွေးချင်ကြတော့ပါ။

"ခခ ကြာဇံကြော်ထားတယ်။ ပူတုန်းစားလိုက်နော်"

အလုပ်သွားခါနီး လှေကားဝမှလှမ်းအော်ကာသတိပေးနေသည့် သုတစကားကို မင်းသုခကကြားလျှင်ပင် အရေးလုပ်မည့်ပုံမပေါ်။ နားတော့စွင့်နေလေရဲ့။

"နေ့လည်စာလည်းချက်ပြီးသားနော်။ စားခါနီးရင် အပူပေးလိုက်ရုံပဲ"

တုံ့ပြန်သူမရှိသည့် စကားစတို့ကို တစ်ဦးတည်း တာဝန်ကျေပြောရင်း ဆေးရုံသွားရန်ပြင်ဆင်နေသည့် သုတ။ အကြီးဖြစ်သည်မို့ ညီလေးကိုနားလည်ပေးရမည်ကိုသိသော်လည်း အကယ်၍သူသာအလျှော့ပေးလိုက်လျှင် ညီလေးပျက်စီးမည်ကိုလည်း သုတစိုးရိမ်လှပါသည်။ သုတ ကိုယ်တိုင် လူငယ်ဖြစ်သည်မို့ ဆယ်ကျော်သက်အရွယ်ခခကို ကိုင်တွယ်ဆုံးမပုံမှားလျှင်ဟူသည့်အတွေးက သုတစိတ်ထဲအမြဲတစေစိုးမိုးလို့သာနေသည်မလား။

"ခခ ကိုကိုကြီး သွားပြီ။ အပေါ်မှာနေမယ်ဆို တံခါးမကြီး သော့ခတ်ထားဦး"

သတိပေးသည့်တိုင် မင်းသုခအခန်းတံခါးလေးက ပွင့်မလာသည်မို့ သုတ သက်ပြင်းသာခပ်ယဲ့ယဲ့ချမိတော့သည်လေ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now