30

2.4K 234 37
                                    

စိုင်းဆိုင်ခမ်းနော့ဝ် သည် နွေ မိုး ဆောင်း ဉတု သုံးပါးဝယ် ဆောင်းကို သူ မုန်းလှသည်။အေးအေး လေး နေရတာ ကြိုက်သော်လည်း နံနက်ပိုင်း အိပ်ရာလေး ထရတာကိုက ဝဋ်ကြွေးကြီးလှသည်။ဆရာဝန်ဆိုတော့ ဂျူတီချိန် အမှီ ပြေးရသည်မှာ ချစ်လင်လေး ရင်ခွင်မှာ မှေးပြီး ဇိမ်ခံချိန်တောင် မရှိ။

ဒီထက် ဆိုးတာ ရေချိုးရတာ။ရေချိုးရမှာထက် စစ်ပွဲတစ်ထောင်သာ ပြေးတိုက်လိုက်ချင်သည်။‌

'ငါ ဟဲ့ ယောက်ျား' ဆိုပြီး လက်သီးလက်မောင်းတန်း ကြွေးကြော်ကာ ရေဖလား ကိုင်လိုက်ပါသော်လည်း ရေတစ်စက် လက်ပေါ်ကျတောင် အသည်းနှလုံးတွေ ထုံကျင်ကုန်သည်။

နွေ ကိုတော့မူ ပူသည်ကလွဲ ခမ်းနော့ဝ် သဘောကျပါ၏။ရှဲကနဲ ကြွေသွားသော သစ်ရွက်ခြောက်တွေ၊ရိုးတံကျဲကျဲ ပင်အို‌တွေနှင့် ဖုန်ထူသော ကတ္တရာ လမ်းမတွေ၊စူးရှသော နေရောင်အောက်မှာ လေရူးတိုက်သံကလွဲ တိတ်ဆိတ်နေပုံတွေ အားလုံးဟာ လွမ်းဖွယ် အတိ။

လေရူးနှင့်အတူ စိတ်ရူးတို့ဟာ မြူးထူးစွာနှင့် လွမ်းတရားကို ဖွဲ့ဆိုချင်ပါသော်လည်း ယောက်ျားကြီး တစ်ယောက်လုံး ဘေးမှာ ငုတ်တုတ်ထိုင်နေတော့ လွမ်းရတာ ဖီး အောက်လှသည်။"ကိုးနောင် ခြံထဲသွား. . .ငါ့ရှေ့မှာ ထိုင်မနေစမ်းပါနဲ့ လွမ်းရတာ ဖီးအောက်တယ်" လို့ ပြောချင်ပါသော်လည်း ထိုသို့ ပြောရင် ကိုယ်တော်လေးက ရွှေစိတ်တော်မှာ ကောက်တော်မူမှာ စိုး၍ မပြောရဲခဲ့သည်မှာ တစ်နွေ နှစ်နွေ မကတော့ပေ။

မိုးရာသီကိုတော့ ခမ်းနော့ဝ် အကြိုက်ဆုံး ဖြစ်သည်။မိုးဖွဲလေးများကြားမှာ ချစ်ရသူ လက်ကို ဆွဲကာ ပြေးရသည်ကား လောကမှာ အရသာရှိဆုံး ဟင်းချိုကို သောက်လိုက်ရသလိုပင်။

ပြီး . . . ကိုးနောင်သည် မိုးရေထဲ ပိုပြီး အဟမ်း ဘယ်လို ပြောရမလဲ . . . အရသာ ရှိလေသည်။ကိုးနောင်ရဲ့ ပူနွေးသော အသားစိုင်ဖြူဖြူတွေသည် မိုးစက်များကြား အေးစက်နေပြီး နှုတ်ခမ်းတစ်စုံနှင့် ထိတွေ့ အရသာခံသည့်အခါ အတော် အရသာ ရှိ၏။

ကလေး နှစ်ကောင်ကြီးလာသောအခါ သူတို့ပါ ခေါ်ပြီး မိုးရေထဲ ပတ်ပြေးကြသည်။သူရယ် ကိုးနောင်ရယ် နန်းနွယ်ရယ်က အတွဲညီသလောက် ကိုးနွယ်ကမူ မိုးရေထဲ မသွားချင် ညစ်ပတ်တယ် ဟု မျက်နှာတည်တည်နဲ့ အင်တင်တင် ဆိုလာသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now