Ep 310+311+312

119 9 0
                                    

အပိုင်း (၃၁၀)

 
"ဒီအရေးကြီးတဲ့အချက်ကို ရှင် ဘာကြောင့် မစုံစမ်းမိလဲ အံ့ဩမိတယ်"
 
ယွဲ့ရှမ်ရှမ်က J-Kingကို မေးမြန်းလိုက်သည်။
"ဒီအချက်ကို ရှင်မသိဘဲ နေပါ့မလား၊ ဒီအကြောင်းက ထည့်ပြောနေဖို့တောင် မလိုအပ်လို့လေ မပြောခဲ့တာ မလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးက အနုပညာရှင် တော်တော်များများရဲ့ အချက်အလက် နဲ့ လျှို့ဝှက်ချက်ကို သိထားပေမဲ့ အကျိုးအမြတ်အတွက်ကြောင့်နဲ့တော့ အနုပညာရှင်ကို မခြိမ်းခြောက်ခဲ့ဖူးဘူး"
 
"ဒါက သူများနဲ့ ခြားနားတဲ့ မို့ထင်ရဲ့ကောင်းကွက်ပေါ့။ သူ့အပေါ် သစ္စာစောင့်သိတဲ့သူတွေကို  ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံပေးတယ်။ ကုမ္ပဏီကလည်း သစ္စာရှိတဲ့ အနုပညာရှင်ကို ကာကွယ်ပေးတတ်တယ်"
 
 
"တခြားတစ်ဖက်မှာတော့ ရှင်က လူတွေကို အသုံးချမယ် ခြိမ်းခြောက်ဖို့ပဲ သိတယ်။ ဒါက ရှင်နဲ့သူရဲ့ ခြားနားတဲ့ အချက်ပဲ"
 
သူ့စကားအဆုံးသတ်သည်နှင့် ယွဲ့ရှမ်ရှမ် မတ်တတ်ထရပ်လိုက်သည်။ သူ မထွက်သွားခင် ထိုလူကို လေထဲမှ တဆင့် အနမ်းလေးကြဲလိုက်သည်။
"ရှင်အောင်မြင်ဖို့ ဆုတောင်းပေးသလို နာနာကျင်ကျင် မသေဆုံးဖို့လည်း မျှော်လင့်ပါတယ်"
 
"အာဏာ နဲ့ အဆင့်အတန်းသာရှိရင် တခြားသူလို အောင်မြင်မှု ရမယ်လို့ ကိုယ့်ဘာသာကိုယ် အထင်ကြီးလွန်တဲ့ လူတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ကိုယ့်အခြေအနေ ကိုယ် နားလည်သင့်တယ်ဆိုတာ အချိန်က သက်သေပြသွားလိမ့်မယ်"
 
 
J-Kingက အေးစက်စက်မျက်နှာ အမူအရာဖြင့် သူ့နှုတ်ခမ်းပါးကို ထိကိုင်လိုက်သည်။ သူက ယခုလို အခြေအနေအထိ ရောက်နေပြီ ဖြစ်၍ သူ့ရာထူး သူ့အဆင့်အတန်းကို ထည့်စဉ်းစားနေရန် လိုအပ်သေးသနည်း။
 
 
သူ သိထားသလောက် လူတိုင်း လူတိုင်းမှာ မကောင်းသည့် ရည်မှန်းချက်များ ရှိတတ်ကြပြီး အာဏာကို မမက်မောသောသူ ရှိမည်လော။
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ထျန်းနင်က မို့ထင်ကို တစ်ညလုံး အဖော်ပြုထားပေး၍ တမနက်ခင်းလုံး အတူတူ အိပ်မောကျနေသည်။ သူမက နဂိုတုန်းက မို့ထင်က ရက်ပိုင်းလောက် အနားယူစေချင်ခဲ့သည်။ 'Stupid' ရုပ်ရှင်ဇာတ်ကား အကြောင်း ဆွေးနွေးတိုင်း သူ့မျက်နှာပေါ်မှ စိတ်လှုပ်ရှားသော ဟန်အမူအရာကို မြင်တွေ့ပြီးနောက် သူ့ကို အနားယူရန် မဖျောင်းဖျသင့်မှန်း သဘောပေါက်သွားသည်။
 
 
ယခုလက်ရှိ သူမ၏တစ်ခုတည်းသော ပြဿနာက မနေ့ညတုန်းက အိပ်ခဲ့သည့်  အနေအထား ဖြစ်သည်။ သူမ အဆင်ပြေသည့် အတိုင်းအတာကို ကျော်လွန်ခဲ့၍ နေရထိုင်ရ ခက်ခဲနေသည်။ ထို့ကြောင့် သူမ အိပ်ရာနိုးသည့်နှင့် သူမ၏မျက်နှာက အနည်းငယ် ရှက်သွေးဖြာနေသည်။
 
 
အမျိုးသားအင်္ဂါက သူမ ခန္ဓာကိုယ်၏အရေးပါသော အစိတ်အပိုင်းကို ယခုထိတိုင် နေရာယူထားသေး၍ သူမအတွက် သိပ်အဆင်မပြေချေ။ ထို့ကြောင့် သူမကိုယ့်ဘာသာ ဖယ်ထုတ်ပစ်ရန် ကြိုးစားသည်။
 
 
ထျန်းနင် လက်လှုပ်ရှားလိုက်စဉ် မို့ထင် နိုးလာသည်။ သို့သော်လည်း သူ့ကြောင့် သူ့ချစ်ဇနီးလေး ရှက်ကိုးရှက်ကန်း ဖြစ်မည်ကို မလိုလား၍ အိပ်ချင်ယောင်ဆောင် နေလိုက်သည်။
 
 
ထျန်းနင်က သူမ လုပ်ချင်သည့် အလုပ်ကိစ္စကို ပြီးပြတ်အောင် လုပ်ဆောင်ပြီး မို့ထင်ကို စောင်ခြုံပေးနေစဉ် မို့ထင်က သူမကို ရုတ်တရက် လှမ်းဖက်သည်။
 
"မို့ကတော်လေးနော် ခိုးကြောင်ခိုးဝှက် ဘာတွေလုပ်နေသလဲ"
 
မို့ထင်က သူ့ကို တမင် ကျီစယ်နေမှန်း ထျန်းနင် သိပါသည်။ ထို့ကြောင့် သူမ၏နီရဲနေသော ပါးမို့မို့လေးကို လက်ဖြင့်ကွယ်ကာ
 
"နည်းနည်း ထပ်အိပ်လိုက်ဦးနော်။ လေဆိပ်ကိုသွားဖို့ စောသေးတယ်"
 
ထိုစကားကို ပြောဆိုပြီးနောက် မို့ထင်၏ရင်ခွင်ထဲမှ ထိုးထွက်ကာ ရေချိုးခန်းထဲ ပုန်းနေလိုက်သည်။
 
 
မို့ထင်က သဘောကျ နှစ်ခြိုက်စွာ ရယ်မောလျက် ထထိုင်သည်။ မနက်ခင်းတိုင်း ယခုလို ပျော်ရွှင်ခွင့်လေး ရမည်ဆိုလျှင် သူ့အသက် သူ့ဘဝကို ပေးအပ်ဝံ့ပါသည်။
 
 
နေ့လည် ၁နာရီမှာ သူတို့ဇနီးမောင်နှံက ပေကျင်းသို့ ထွက်ခွာမည့် လေယာဉ်ပေါ် တက်ကြသည်။ သို့သော်လည်း လေယာဉ် မထွက်ခွာမှီ ထျန်းနင်ကို ဖုန်းနံပါတ်စိမ်းတစ်လုံးက ဖုန်းခေါ်လာသည်။ အကျိုးဆက်အနေဖြင့် သူမ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
 
 
"ငါ ထျန်းရွှမ်ပါ။ နင် ပြန်လာရင် ငါနဲ့ လာတွေ့ပါ"
 
 
ထျန်းမိသားစု
 
 
ထျန်းရွှမ်၏အသံကို ကြားလိုက်ရ၍ ထျန်းနင် အတိတ်ဘဝ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။ ထျန်းမိသားစုမှ ရုတ်တရက် ဖုန်းခေါ်လာ၍ သူမ ပထမဆုံး တွေးမိလိုက်မိသည့် အတွေးက ပြဿနာ မုန်တိုင်းထန်တော့မည်ဟုသာ တွေးမိသည်။
 
 
ထျန်းနင်ဘက်မှ တုံ့ပြန်သံမလာ တိတ်ဆိတ်နေမှန်း သတိထားမိ၍ ထျန်းရွှမ်က ခက်ထန်သော လေသံဖြင့် စကားပြောလေ၏။
 
"နင်က မတွေ့ချင်လို့လား"
 
"ငါတို့က တစ်ယောက်နဲ့ တစ်ယောက် တွေ့နေဖို့ လိုအပ်လို့လား"
 
ထျန်းနင်က တည့်တိုးပြောချသည်။ သူမ၏ငယ်ဘဝတစ်လျှောက်လုံး တခြားသူစီထံမှ တစ်စုံတစ်ရာကို ခိုးယူမိသော ခံစားချက်ဖြင့် ရှင်သန်ခဲ့ရသည်။ သို့သော်လည်း ထိုခံစားချက်ကို ခံစားခဲ့ရခြင်းက မရင့်ကျက်သေးသည့် ဆယ်ကျော်သက် အရွယ် အသိဉာဏ်သာ ရှိခဲ့၍ ဖြစ်သည်။ ယခု သူမက ၂၆နှစ် အရွယ်ရောက်နေ၍ ကိုယ်ပိုင် အသိဉာဏ်ဖြင့် စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိသည်။ ထျန်းမောင်နှမချင်း အပြန်အလှန် မုန်းတီးသော ခံစားချက်မှ လွဲ၍ သူတို့ထံမှ မည်သည့်ခံစားချက်မျှ မခံစားနိုင်ပေ။
 
"မနက်ဖြန် မနက် ၈နာရီ၊ နင့်ကို လာခေါ်ဖို့ ကားသမားလွှတ်လိုက်မယ်"
 
 
ထျန်းရွှမ်က ထျန်းနင် ဘာပြောပြော ဂရုစိုက်မည့် အတွေး မရှိခဲ့ချေ။
 
 
ထို့ကြောင့်လည်း ထျန်းနင် ငြင်းဆန်မရသည့် အဆုံး သူမ ပြန်ဖြေလိုက်သည်။
 
"ငါ့ဘာသာငါ ကားမောင်းပြီး လာခဲ့မယ်"
 
"ဒါဆိုရင်လည်း နင့်သဘောအတိုင်းပဲလေ"
 
 
ထျန်းနင် ဖုန်းချလိုက်စဉ် မို့ထင်က ထျန်းနင်၏ပခုံးပေါ် လက်တင်လာသည်။
 
"ဘာဖြစ်လို့လဲ"
 
"ထျန်းရွှမ်က ချစ်လေးနဲ့ တွေ့ချင်လို့ပါ။ သူက ထျန်းမိသားစုရဲ့ အကြီးဆုံး မြေးမလေးလေ"
 
ထျန်းနင် ရှင်းပြသည်။
"ဒါပေမဲ့ ချစ်လေးရဲ့ဘဝကို သူတို့မပါဘဲ ရှေ့ဆက်ချင်တယ်။ ထျန်းမိသားစုနဲ့ မပတ်သက်ချင်တော့ဘူး"
 
မို့ထင်က ထျန်းနင်၏နဖူးလေးကိုနမ်းလိုက်ပြီး နှလုံးသား ကွဲကြေမတတ် နာကျင်နေသော လေသံဖြင့်
 
"ကိုယ် သိပါတယ်"
 
"မနက်ဖြန် သူနဲ့ ခဏသွားတွေ့ပြီးရင် အိမ်ကို တန်းပြန်လာခဲ့ပါ့မယ်။ အကြာကြီး အိမ်အပြင်မှာ မနေပါဘူး"
 
မို့ထင် ဘာပြောမလဲ ထျန်းနင် စောင့်ဆိုင်းနေသည်။
 
"ကောင်းပါပြီ၊ ချစ်လေး သဘောပါပဲ။ ကားကို ဂရုစိုက်မောင်းနော်။ကားအကောင်းဆုံး ယူမောင်းသွားဦး"
 
 
ထျန်းနင်က မို့ထင်၏ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်သည်။ သူမကို ထျန်းရွှမ် အထင်သေးမည်ကို မလိုလားမှန်း ထျန်းနင် သိပါသည်။ ထျန်းရွှမ်က သူ့မိခင်ထံမှ ခွဲခြားဆက်ဆံတတ်သည့် စိတ်နေသဘောထားကို အမွေဆက်ခံထားသည်မှာ အမြစ်တွယ်နေပါပြီ။
 
 
လေယာဉ်ဆိုက်ကပ်ပြီး အိမ်ပြန်ရောက်သည်နှင့်  မနေ့ညက ကဲထားသည့် အရှိန်ကြောင့် အိမ်ပြန်ရောက်ရောက်ချင်း ထျန်းနင် အိပ်မောကျသွားသည်။ ထိုစဉ် မို့ထင်က ထျန်းနင်ကို ဖက်ထားပြီး တစ်ယောက်တည်း အတွေးများနေသည်။ မည်သူမှ ထျန်းနင်ကို အနိုင်မကျင့်စေရဘူး။ ထျန်းမိသားစုဝင်များကိုပင် မျက်နှာသာ မပေးနိုင်ချေ။
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ထျန်းနင်က သူတို့အိမ်၏ကားဂိုဒေါင်ထဲ ဝင်ဝင်ချင်း နောက်ဆုံးထုတ် အကန့်သတ်ကားများကို နောက်ဆုံးထောင့်မှာ ရပ်ထားသည်ကို မြင်ရသည်။ သို့သော်လည်း သူမက ခေါင်းခါလိုက်ပြီး လူမသိသူမသိ ကားလေးကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
 
 
သူမက ထျန်းရွှမ်ကို ပေကျင်း၏အဆင့်မြင့် သီးသန့်ကလပ်မှာ တွေ့ဆုံရန် ချိန်းဆိုထားသည်။
 
 
မနက် ၉နာရီ
 
 
ထျန်းနင်က ကလပ်ကို ရောက်နှင့်နေပြီး အလှဆင်ထားသော ခုံတန်းဘက်မှာ ထျန်းရွှမ်ကို စောင့်နေသည်။
 
 
နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သော်လည်း ထျန်းရွှမ်၏နောက်ကျတတ်သော အကျင့်ဆိုးက မပျောက်ပျက်ခဲ့ချေ။ တခြားသူကို စောင့်ဆိုင်းခိုင်းမှ သူမ၏လူနေမှုအဆင့်အတန်း မြင့်မားလိမ့်မည်ဟု ထူးထူးကဲကဲ တွေးတောထားသူ ဖြစ်သည်။
 
 
သို့သော်လည်း ၎င်းအပြုအမူက ထျန်းနင်ကို စိတ်အနှောင့်အယှက် မပေးခဲ့ချေ။ သူမက ရိုးရိုးရှင်းရှင်း တိတ်တဆိတ် ထိုင်ကာ ဟန်ပါပါဖြင့် မဂ္ဂဇင်း ဖတ်ရှုနေသည်။
 
 
ဖတ်ရှုနေသည့်  မဂ္ဂဇင် သုံးခုအနက် နှစ်ခု၏မျက်နှာဖုံးမှာ ထျန်းနင်၏ဓာတ်ပုံ ဖြစ်နေခြင်းက အံ့အားသင့်ဖွယ်ပင်။
 
 
နာရီဝက်ကြာပြီးနောက် ထျန်းရွှမ် ပေါ်လာသည်။ ထျန်းရွှမ်က ခက်ထန်သော မျက်နှာထားရှိပြီး ထျန်းနင်က နူးညံ့သော နှင်းဆီပန်း မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။
 
 
ထျန်းရွှမ်က နီညိုရောင်ခေါင်းစွပ်ဆွယ်တာ နှင့် အမည်းရောင်ကုတ် အင်္ကျီကို ဝတ်ဆင်ထားသည်။ နက်မှောင်သော ဆံနွယ်များက ကျောကုန်းပေါ်မှာ လိမ်ခွေနေသည်။ သူမ၏မျက်နှာပေါ်မှ မိတ်ကပ် အပြင်အဆင်က တောက်ပသော်လည်း ခက်ထန်သော ဟန်အမူအရာကို ပိုရုပ်လုံးကြွစေသည်။
 
 
ထျန်းနင်ကို မျက်မှန်းတန်းမိသည်နှင့် သူ့စိန်ခြယ်လက်ကိုင်အိတ်ထဲမှ စာချုပ်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး
 
"ငါ့ဖျော်ဖြေရေး အေဂျင်စီရဲ့ ရှယ်ရာလွှဲပြောင်းတဲ့ စာချုပ်ပဲ။ နင် ဖတ်ကြည့်လိုက်ပါ။ နင် သဘောကျရင် လက်မှတ်ထိုးလိုက်တော့"
 
ထျန်းနင် ပြန်မဖြေခဲ့ပေ။ သူမ၏နှုတ်ခမ်းထောင့်လေးများက အနည်းငယ် လှောင်ရိပ်ကို ပုံဖော်နေသည်။
 
 
"စောနတုန်းက ငါ့စီးပွားဖက်နဲ့ သွားတွေ့လို့ အောက်ထပ်မှာ လက်ဖက်ရည်သောက်နေတာလေ၊ နင့်ကား ရပ်လိုက်တာ ငါမြင်ပါတယ်။ နင်က ဖျော်ဖြေရေးလောကရဲ့ နာမည်ကြီးနဲ့ တွဲနေပေမဲ့ နင်က သူ့အတွက် သိပ်အရေးမပါပုံပဲ။ သူ့အတွက် ထူးကဲတဲ့သူ မဟုတ်ရင် နင့်အတွက်လည်း အကျိုးမရှိပါဘူးဟာ။ ဒီစာချုပ်မှာပဲ လက်မှတ်ထိုးလိုက်ပါ။ ဒါမှ အနာဂတ်မှာ ဘာမဟုတ်တဲ့ဘဝနဲ့ အဆုံးမသတ်ရမှာလေ"
 
 
ထျန်းနင်က သူ့အရှေ့မှာ ရှိနေသော ကောဖီခွက်ကို ယူလိုက်ပြီး တစ်ငုံ့သောက်သည်။
 
"ဒီကိစ္စအတွက် ငါနဲ့ တွေ့ဖို့ ချိန်းဆိုတာလား"
 
"ဒီရက်ပိုင်းအတွင်း ဘိုးဘိုးက ငါ့အရှေ့မှာ နင့်အကြောင်း ပြောလာတယ်"
 
 
"ငါ ထျန်းအိမ်တော်ကို ပြန်လာမှာ ကြောက်နေသလား"
 
နောက်ဆုံးတော့ ထျန်းနင်က ထျန်းရွှမ်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
"နင်သာ ငါ့ကို လာမနှောင့်ယှက်ရင် ငါက ထျန်းမိသားစု ဖြစ်တည်မှုကို လုံးဝ မေ့လျော့နေပါပြီ။ နင့်အေဂျင်စီကို နင်ပြန်ယူနိုင်ပါတယ်။ ငါ့ကို ပြန်မလာစေချင်ရင် နင့်ကို တစ်ခုပဲ တောင်းဆိုချင်တယ်။ ငါ့ရှေ့ကို ဘယ်တော့မှ ပေါ်မလာနဲ့"
 
"ငါ့ဆန္ဒအမှန်က နင့်ကို မော်ဒယ်လောကကနေ အပြီးတိုင် ထွက်သွားစေချင်တာလေ"
 
ထျန်းရွှမ်က ပိုအေးစက်သော လေသံဖြင့် ပြောဆိုလာသည်။
 
"နင်က ပိုပိုပြီးတော့ ကျော်ကြားလာတယ်။ တစ်ယောက်ယောက်က နင့်အကြောင်း ပြောတိုင်း ငါတို့ထျန်းမိသားစုနဲ့ ဆက်နွှယ်လာတယ်။ ငါတို့နဲ့ ဆွေမျိုးတော်စပ်တာကို နင် ထုတ်မပြောပေမဲ့ မီဒီယာက ငါတို့ကို အတူတူ ချည်နှောင်ဖို့ ကြိုးစားလာတယ်။ ငါတို့ထျန်းမိသားစုဝင်ရဲ့နာမည်ကို အော့နှလုံးနာတဲ့ အပေါစား မဂ္ဂဇင်းမှာ ပေါ်လာတာ မလိုလားဘူး"
 
 
"ငါတို့နာမည်က အပေါစားဆန်တဲ့လူတွေရဲ့ နာမည်ဘေးမှာ အတူယှဉ်လာတတ်တာကို ငါ ရွံတယ်"
 
***
အပိုင်း (၃၁၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now