Ep 334+335+336

121 9 0
                                    

အပိုင်း(၃၃၄)

 
"ချစ်လေး သဘောအတိုင်း ဖြစ်စေရပါမယ်။ ရုပ်ရှင်ရိုက်ကူးရေး ပြီးဆုံးတဲ့နေ့ ကိုယ်တို့လက်ထပ်ထားကြောင်း ကြေညာပေးမယ်"
 
 
ဟိုတယ်ကို ပြန်လာပြီးနောက် မို့ထင်က ထျန်းနင်ကို ရေချိုးခန်းထဲ တန်းခေါ်သွားသည်။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပစ်ပြီးနောက် မို့ထင်က သူမကို အိပ်ရာပေါ် ပွေ့ချီခေါ်သွားပြီး ထွေးဖက်ပေးသည်။
 
"မနက်ဖြန် ဘယ်အချိန် ရိုက်ကူးရေး ရှိလဲ"
 
"အွန်း ညနေ ၄နာရီ..."
 
ထျန်းနင်က ငိုက်မျဉ်းလျက် ပြန်ဖြေသည်။
 
မို့ထင်က သူနှင့် အနီးကပ်ဆုံး ဖြစ်အောင် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူ့နှာဖျားလေးဖြင့် သူမ၏ဆံနွယ်များကို ပွတ်သပ်ကာ သူမ၏ထူးခြားသော ကိုယ်သင်းရနံံကို ခံစားသည်။
 
 
ထျန်းနင်ကလည်း မသိစိတ်၏လှုံ့ဆော်မှု အရ ထျန်းနင်၏ရင်ခွင်ထဲ ပို၍တိုးဝှေ့သည်။
 
"ချစ်လေး ယောက်ျားကို လွမ်းတယ်"
 
"ကိုယ် အခု ချစ်လေးနဲ့ အတူတူ ရှိနေပါတယ်"
 
 
ထျန်းနင်၏စိတ်နှလုံးသားလေးက ချစ်ရသူကြောင့် အေးချမ်းသွား၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။ ထျန်းနင် အိပ်ပျော်သွားစဉ် မို့ထင်က အိပ်ရာပေါ်မှ ထပြီး ထျန်းနင်၏ ခြေထောက်ဒဏ်ရာကို ဂရုစိုက်ပေးနေသည်။
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်း ထျန်းနင် အိပ်ရာနိုးလာချိန် သူမ၏လက်က ဘေးဘက်ကို စမ်းကြည့်မှ အေးစက်စက် နေရာလပ်လေး ဖြစ်နေမှန်း ချက်ချင်း သိသွားသည်။  သူမ ရှာဖွေနေသည့် ချစ်ရသူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြတင်းအနား မတ်တတ်ရပ်နေသည်။
 
 
ထျန်းနင်က အိပ်ရာခင်းကို ဘေးဖယ်လိုက်ပြီး သူ့အနား ချဉ်းကပ်သည်။
 
"ယောက်ျား တစ်ညလုံး မအိပ်ဘူးလား။  ဒေါသထွက်နေလို့လား"
 
မို့ထင် စကားမပြောသော်လည်း သူ့စိတ် အဆင်မပြေမှန်း ထျန်းနင် သိပါသည်။
 
 
"ဘာလို့ ဒေါသထွက်နေတာလဲ"
 
 
"ချစ်လေးရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို တန်ဖိုးမထားမိတဲ့ ကိုယ့်ဘာသာကိုယ် အပြစ်ရှိသလို ခံစားမိလို့ပါ"
 
အချိန်အတော်ကြာမှ မို့ထင် စကားဆက်ပြောသည်။
"ချစ်လေးရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးအတွက် အာမခံဝယ်သင့်ပြီ"
 
ထျန်းနင် အနည်းငယ် အံ့အားသင့်မိသည်။  သူမကို အပြစ်ပေးနိုင်သည့် အခြေအနေကို ရွေးချယ် ပြောဆိုမှ သူမ နောင်တရမည်ဟု တွေးထင်နေပုံပင်။
 
 
"ချစ်လေး နောင်ဆို ဒီလို အမှားမျိုး ထပ်မလုပ်တော့ဘူး။ ကတိပေးတယ်လေ"
 
 
"ဒါပေမဲ့ အခုက မနက် ၇နာရီပဲ ရှိသေးတယ်လေ။ ရိုက်ကူးရေးက ညနေ၄နာရီမှ စတင်မှာလေ။ အစောကြီး ရှိသေးတယ်"
 
 
"ကိုယ်က ချစ်လေးရဲ့ မန်နေဂျာဆိုတာ မမေ့ပါနဲ့ဦး။ ဒါရိုက်တာCoqueနဲ့ စကားပြောပြီးပြီ။ နေ့လည်ခင်း ရိုက်ကူးရေး စလိမ့်မယ်။ လင်းရှန်းကလည်း မင်းနဲ့ ထိပ်တိုက်ဆုံရလို့ ပြဿနာ မရှိပါဘူးလို့ ပြောထားတယ်။ ညဉ့်နက်မှ ရိုက်ကူးရေး ပြင်ဆင်စရာ မလိုအပ်တော့ဘူး"
 
 
" ယောက်ျားက အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာ မခွဲခြားတော့ဘူးလား"
 
 
မို့ထင်က ထျန်းနင်၏ပါးမို့မို့လေးကို ဆုပ်ကိုင်ကာ
 
"ချစ်လေး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် ကိုယ့်နှလုံးသားလေး နာကျင်နေရတယ်။  ဒီနေ့ မနက်ခင်း ရိုက်ကွင်းသွားပါလား။ လင်းရှန်း သရုပ်ဆောင်တာကို ကြည့်ပြီး လေ့လာလို့ ရတာပေါ့"
 
"ဒါနဲ့ J-Kingပြဿနာရော ဘယ်လို ဖြစ်သွားပြီလဲ။ အခြေအနေ ဘယ်လိုရှိလဲ"
 
 
" အဲဒီအတွက် မစိုးရိမ်နဲ့..."
 
မို့ထင်က ထျန်းနင်ကို ပူပန်စရာများ မတွေးတောစေချင်ပေ။ သို့သော်လည်း သူမကို သိစေချင်သည့် ကိစ္စတစ်ခု ရှိသည်။
"လင်းချုံးက မင်းကြောင့် ပြောင်းလဲသွားပုံပဲ။ မင်း အချိန်အားလပ်ရင် ကိုယ် အကြောင်းစုံ ပြောပြမယ်"
 
ထျန်းနင် ခေါင်းညိတ်သည်။ ထို့နောက် သူတို့စုံတွဲက စတူဒီယိုကို အတူတကွ ထွက်လာခဲ့သည်။
 
 
ဝန်ထမ်းက မို့ထင်ကို မြင်တွေ့သည်နှင့် ချက်ချင်း ရိုရိုသေသ နှုတ်ဆက်စကား ပြောသည်။
 
 
သူစိမ်းတရံများဖြင့် မျက်နှာချင်းဆိုင် လေတိုင်း မို့ထင်၏မျက်နှာပေါ်မှာ အပြုံးကို ဘယ်သောအခါမှ မမြင်တွေ့ဖူးပေ။ မို့ထင်၏ မျက်နှာရိပ်မျက်နှာကဲကြောင့် လူတိုင်းက ခပ်ဝေးဝေးမှာ နေကြသည်။
 
 
သူက ထျန်းနင်၏ချစ်သူ ကောင်လေး ဖြစ်နေသည့်တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအိုဖြစ်နေသည့် အမှန်တရားကို မငြင်းဆန်နိုင်ပေ။
 
 
လင်းရှန်းက အပြစ်ပြောခံရသည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးနေဆဲ ဖြစ်သည်။ ဤဇာတ်ဝင်ခန်းတွင် သူ့အဖေအရင်းက သူ့ကို ရေကန်ထဲ ဒိုက်ဗင်ထိုးရန် စေခိုင်းနေသည်။
 
 
လင်းရှန်းက ဉာဏ်ရည်မမှီသော ကလေးငယ်ပုံစံ သရုပ်ဆောင်နေသည်။ ထို့ကြောင့် သူက ရေကန် အရှေ့မှာ မတ်တတ်ရပ်နေပြီး ရေထဲ ခုန်ချရန် အကြောက်အကန် ငြင်းဆန်နေသည်။
 
 
အဆုံးသတ်မှာက သူက လှောင်ရယ်စရာ ကောင်းသော အပြုအမူကို လုပ်ဆောင်ခဲ့သည်။ သူက ကုလားထိုင် ရှိရာသို့ ပြေးလွှားသွားပြီး တုန်တုန်ရီရီဖြင့် ခုံအောက်ထဲ ဦးခေါင်းဝှက်ထားသည်။
 
 
လင်းရှန်၏ သရုပ်ဆောင်မှုကို ချီးမွမ်း ထိုက်ပါသည်။ သူက သရုပ်ဆောင် ဖြစ်သည့် အချက်ကို မေ့လျော့သွားစေသည် အထိ သရုပ်ဆောင် ကောင်းမွန်ခဲ့သည်။ လင်းရှန်းက အသက်၃၀အရွယ် ဖြစ်နေသည့်တိုင် အသက်၁၆နှစ်အရွယ် ကလေးငယ်၏ သရုပ်ကို အခက်အခဲ မရှိ သရုပ်ဖော်သွားနိုင်သည်။
 
 
သူ့မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေသော ကြောက်ရွံစိတ်က အထင်ကြီး လေးစားဖွယ်ကောင်းသည်။
 
 
"အောင်မြင်တယ်"
 
ဒါရိုက်တာCoqueက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ လင်းရှန်းက ချက်ချင်း မတ်တတ်ထရပ်သည်။ သူ့လက်ထောက်ကလည်း သူ့မင်းသားကို အပေါ်အင်္ကျီ အပြေးအလွှား ခြုံပေးသည်။
 
လင်းရှန်းက သူ့မျက်နှာကို သန့်ရှင်းသော မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်ပြီး ရေကူးကန် အပြင်ဘက် ငေးစိုက်ကြည့်လိုက်စဉ် ထျန်းနင်ကို ရိပ်စားမိသည်။
 
 
ထို့နောက် သူ့လက်ထောက်ကို စကားပြောသည်။
 
"ထျန်းနင်ကို ဒီနေရာ ခေါ်လာခဲ့"
 
"ဟုတ်ကဲ့၊ အရေးကြီးတဲ့ ကိစ္စ ရှိလို့လား"
 
လင်းရှန်း ပြဿနာရှာမည်ကို လက်ထောက်က ကြောက်လန့်နေသည်။ မို့ထင်က ရိုက်ကွင်းကို ရောက်နေ၍ သူတို့ ရန်ရှာသင့်သူ မဟုတ်ပေ။
 
"ဒီကို လာခဲ့ဖို့သာ ပြောခဲ့စမ်းပါ"
 
လင်းရှန်းက အေးစက်စက် မျက်နှာထားဖြင့် စကားပြောသည်။
 
သူ့လက်ထောက်က အလောတကြီး ခေါင်းညိတ်သည်။
 
"ဒေါသ မထွက်ပါနဲ့ အခုပဲ သွားခေါ်လိုက်ပါမယ်"
 
လက်ထောက်က အခြေအနေကို မို့ထင် သိအောင် ရှင်းပြသည်။ မို့ထင်ကလည်း ထျန်းနင်ကို သွားခွင့် မပေးခင် လင်းရှန်းကို ဖျတ်ခနဲ ကြည့်သည်။
 
 
ထျန်းနင်လည်း သူ့တောင်းဆိုမှုကို နားမလည်နိုင်ပေ။ သူမ၏ သရုပ်ဆောင် စွမ်းရည်ကို အထင်ငေးခဲ့သည့် ထိပ်တန်း သရုပ်ဆောင်က သူမကို တွေ့ဆုံရန် တောင်းဆိုလာသည်။
 
 
ထျန်းနင် သူ့အနားရောက်လာမှ လင်းရှန်းက သူ ယူလာသော စာအုပ် တစ်ထပ်ကြီးကို ထုတ်ပေးပြီး ထျန်းနင်ကို လက်လွှဲပေးသည်။
 
"မင်းက ဉာဏ်ကောင်းသလို လိမ္မာပါးနပ်ပြီး သရုပ်ဆောင်ကောင်းတယ်။ အဲဒီစာအုပ်တွေက မင်းအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်"
 
"ဒါတွေက..."
 
 
"ကျော်ကြားချင်ရုံ သက်သက် မဟုတ်ဘဲ သရုပ်ဆောင်ကောင်း ဖြစ်ချင်တဲ့ လူတွေ များလာဖို့ မျှော်လင့်ပါတယ်။ ငါတို့တွေက ဘဝ သရုပ်ဖော်ပေးတဲ့သူတွေလေ။ မင်းစီမှာ သရုပ်ဆောင် ပါရမီတွေကို မြင်တွေ့ရတယ်။ ဒါကြောင့် ငါက မင်း အရည်အချင်းကို အသိအမှတ် ပြုပါတယ်"
 
ထိုစကားကို ပြောပြီးနောက် လင်းရှန်းက စက္ကန့်ပိုင်း တွေဝေသွားပြီး ဆက်ပြောသည်။
 
"ငါ မင်းကို အသိအမှတ်ပြုရတာ သရုပ်ဆောင်တဲ့ အလုပ်အပေါ် ထားတဲ့ မင်းရဲ့သဘောထားကြောင့် ဆိုတာ မမေ့ပါနဲ့။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်ပဲ မဟုတ်ဘူး။ မင်း ရှေ့ဆက်လျှောက်ရမယ့် သရုပ်ဆောင် ခရီးလမ်းက အဝေးကြီး ရှိနေပါသေးတယ်"
 
 
"ကျေးဇူးတင်ပါတယ်"
 
ထျန်းနင် ပြုံးသည်။
 
"မင်း ပြန်သွားလို့ရပြီ။ ငါက မင်းကို စားတော့မယ်လို့ မို့သူဌေး တွေးနေဦးမယ်"
 
 
ထျန်းနင်က လင်းရှန်း၏ခံစားချက် ကင်းမဲ့သော မျက်နှာအမူအရာကို ဖျတ်ခနဲကြည့်ကာ လှည့်ထွက်လာခဲ့သည်။
 
 
ထျန်းနင်က မို့ထင်အနား ပြန်ရောက်လာသည်။ သူမ၏လက်ထဲမှ စာအုပ်များကို ငုံ့ကြည့်ကာ ခေါင်းလေးကို ဖွဖွလေး ပုတ်ပေးသည်။
 
"ကိုယ့်အချစ်လေးက တခြားသူတွေနဲ့ သင့်တင့်အောင် ပေါင်းသင်တတ်သားပဲ"
 
"မို့သူဌေး၊ ရှင့်ရဲ့'Stupid'ရုပ်ရှင်က လက်မလည်အောင် လက်မှတ်ရောင်းကုန်မယ်လို့ ထင်တယ်"
 
 
"ကိုယ့် အချစ်လေး အကောင်းဆုံး ကြိုးစားထားတာပဲ ဒီလိုရလာဒ်မျိုး ထွက်ရမှာပေါ့"
 
မို့ထင်က ထျန်းနင်ကို ဖိအားမဝင်စေချင်ပေ။
 
...
 
 
နေ့လည်ခင်းမှာ လုချယ်က သူ့လက်ထဲမှ သက်သေ အထောက်အထားကို ယွဲ့ရှမ်ရှမ်ထံ ယူဆောင်သွားသည်။ ယွဲ့ရှမ်ရှမ်မှာ မြင်တွေ့ရသော အဖြစ်အပျက်ကြောင့် တုန်လှုပ်နေသည်။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ လက်တုံ့ပြန်မှုက သူမ၏အသက်မွေးဝမ်းကြောင်း အလုပ်ကို ဖျက်ဆီးပစ်နိုင်သော အခြေအနေကို ရောက်သွားစေသည်။
 
 
လုချယ်က ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး သူမကို အကဲခတ်နေသည်။
 
"လျော်ကြေးဘယ်လောက်အထိ ပေးရနိုင်လဲ သိရော သိရဲ့လား"
 
ယွဲ့ရှမ်ရှမ်၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူမ၏ပြစ်မှုကျူးလွန်ထားသော ဗီဒီယိုကို ကြည့်ကာ ချက်ချင်း ပက်ခနဲ ပြန်မေးသည်။
 
"ဒါ ဒါကို ဘယ်လို ရလာတာလဲ"
 
"မင်းကို နောက်ဆုံးအနေနဲ့ အခွင့်အရေး ပေးချင်လို့ မင်းကို လာတွေ့တာပဲ။ မင်း နဲ့ J-Kingဘာတွေ အပေးအယူ လုပ်ထားလဲ"
 
လုချယ်က သူ့ဖုန်းကို ဘေးချထားလိုက်ပြီး ခါးမတ်မတ်ထိုင်ကာ သူမ ပြောပြမည့် ဇာတ်ကြောင်းကို နားထောင်ရန် နားစွင့်နေသည်။
 
ယွဲ့ရှမ်ရှမ်က ကို့ရို့ကားရား မျက်နှာအနေအထားဖြင့် တွေဝေနေသည်။
 
 
"ငါတို့လက်ထဲမှာ ဒီဗီဒီယို သက်သေရှိတည်းက တခြား အရေးကြီးတဲ့ သက်သေ အထောက်အထားတွေ ရှိနိုင်သေးတယ်ဆိုတာ မင်း သိသင့်တယ်"
 
လုချယ် သတိပေးသည်။
 
ယွဲ့ရှမ်ရှမ်က သူ့မျက်ဝန်းများကို ခဏမှေးစဉ်းထားသည်။ မို့ထင် တစ်ခုခု ကြံစည်နေမှန်း သူမ သိပါသည်။
 
 
"J-Kingက ငါ့ကလေးကို ပြန်ပေးဆွဲထားတယ်"
 
 
လုချယ်၏မျက်နှာထား ခပ်တင်းတင်း ဖြစ်သွားပြီး မတ်တတ်ထရပ်ကာ
 
"မင်းမှာ သက်သေရှိလား"
 
"ငါ့မှာ အသံမှတ်တမ်း ရှိတယ်"
 
 
"ဒါနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်လေ"
 
လုချယ်က တုံ့ဆိုင်းခြင်းမရှိ အကြံပေးလိုက်သည်။
"မင်းကို ရဲဌာနကပဲ ကူညီပေးနိုင်လိမ့်မယ်။ J-Kingလို လူယုတ်မာက မင်းရဲ့ကလေးကို လွတ်မြောက်ခွင့် ပေးမယ်လို့ တွေးနေသလား။ မင်း သေသွားရင်တောင် ကလေးကို ချမ်းသာခွင့် ပေးမယ် မထင်နဲ့ ။ ကလေးသူငယ် ပြန်ပေးဆွဲတဲ့ အမှုက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ် အနေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနိုင်တယ်"
 
***
အပိုင်း(၃၃၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now