စာစဉ်(၂၃) Ep 316+317+318

118 10 0
                                    

အပိုင်း(၃၁၆)

 
ဖန်ယွီနှင့် ဟွားကျင်းကျင်းတို့ လက်ချင်းတွဲကာ ဟိုတယ်ပြန်လာသည့် မြင်ကွင်းကို ထျန်းနင် လှမ်းမြင်လိုက်၍ ကျီစယ်သည်။
 
 
"နင်တို့တွေက တစ်စက္ကန့်တောင် မခွဲနိုင်တော့ဘူးလား"
 
 
ဟွားကျင်းကျင်းက မျက်နှာ ရှက်သွေးဖြာခြင်း မရှိဘဲ ဖန်ယွီ၏လက်ကို ပို၍တိုးလို့သာ တင်းကျပ်စွာ ဆုပ်ကိုင်သည်။
 
"နင်နဲ့ မို့သူဌေးက ငါတို့ကို အမြဲကျီစယ်နေတာလေ။ ငါတို့ကို မနာလိုဖြစ်အောင် ချစ်ပြနေတတ်တာလေ။ အခု ငါတို့ အလှည့်ပေါ့"
 
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော်မျိုးမ ကြောက်ပါပြီ လက်မြှောက် အရှုံးပေးပါတယ်။ အနားယူတော့ မနက်၄နာရီရောက်နေပြီနော်။ မနက်ဖြန် အစောကြီး အလုပ်လုပ်ရဦးမယ်မလား"
 
 
"မနက်ဖြန် နင့်မန်နေဂျာ ခဏငှားချင်တယ်။ ငါက ဖန်ယွီကို လိုအပ်တယ်"
 
 
"နင့်ကို ပျော်ရွှင်စေချင်လို့ ဒီခရီးစဉ်မှာ ဖန်ယွီကို အပါခေါ်ခဲ့တာလေ။ အစ်မတော်လေး သဘောအတိုင်း ဖြစ်ခွင့် ပေးမှာပေါ့"
 
ထျန်းနင်က အဓိပ္ပါယ်နှစ်ခွ ထွက်သော စကားကို ပြောဆိုကာ ခိုးခိုးခစ်ခစ် ရယ်မောသည်။
 
ဖန်ယွီက စနောက်ခံရသည့် အလေ့အကျင့် မရှိ၍ ဖန်ယွီ၏ အူကြောင်ကြောင် မျက်နှာကို ဟွားကျင်းကျင်း သဘောကျစွာ ငေးစိုက်ကြည့်နေမိသည်။
"ဒီလိုဆိုရင်တော့ ငါတို့အခန်းကို ပြန်တော့မယ်နော်။ ကောင်းသောညပါ သူငယ်ချင်းလေးရေ"
 
"အွန်းပါ"
 
ထျန်းနင်က ညင်သာစွာ ခေါင်းညိတ်သည်။
 
လင်းချုံးက ထျန်းနင်၏အခန်းဘေးနားမှာ ရှိနေပါသည်။ မို့ထင်နှင့် ဖန်ယွီ သူမအနားမှာမရှိလျှင် ထျန်းနင် အဖော်မဲ့နေလိမ့်မည်။ ထို့ကြောင့် ကြုံရာ ယောက်ျားတစ်ယောက်ကို အခန်းထဲ ခေါ်အိပ်လိမ့်မည်ဟုလည်း လင်းချုံး မျှော်မှန်းထားသည်။
 
 
ဟွားကျင်းကျင်းနှင့် ဖန်ယွီတို့ ပြန်သွားပြီးနောက် ထျန်းနင်က ရေမိုးချိုးပြီး အိပ်ရာဝင်သည်။ ထို့နောက် သူမက မို့ထင်ကို ဖုန်းခေါ်သည်။ ခန့်မှန်းခြေအားဖြင့် ပေကျင်းမှာ မနက် ၁၀နာရီ ဝန်းကျင် ရှိနိုင်သောကြောင့် မို့ထင် အလုပ်ထဲမှာ ဖြစ်နိုင်သည်ဟု ထျန်းနင် ယူဆသည်။
 
 
"ထင်..."
 
 
မို့ထင်က ဖုန်းကောက်ကိုင်လိုက်ပြီးနောက် မသိစိတ်၏လှုံ့ဆော်မှုအရ နာရီကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သည်။
 
"Milanမှာ မနက်၄နာရီ ရောက်နေပြီနော်။ ဘာလို့ အခုထိ မအိပ်သေးတာလဲ"
 
"ချစ်လေးက ထင်ကို လွမ်းလို့ပေါ့"
 
ထျန်းနင်၏လေသံတွင် လွမ်းဆွတ်တမ်းတသော ခံစားချက်များ ရောယှက်နေသည်။
"စောနတုန်းကလေ သူများ အားကျအောင် ဖန်ယွီနဲ့ ဟွာကျင်းကျင်းက ကျီစယ်တယ် သိလား"
 
"ဒါဆိုရင် ဖန်ယွီကို ပြန်လာခဲ့ဖို့ ကိုယ် ပြောလိုက်ရမလား"
 
 
"ထင်သာ အဲလိုလုပ်ရင်လေ ကျင်းကျင်းက ချစ်လေးကို သတ်လိမ့်မယ်"
 
ထျန်းနင် သိမ်မွေ့စွာ ရယ်လိုက်သည်။ သူမ၏အသံက မို့ထင်အတွက် ချစ်ဖို့ကောင်းလွန်းသည်။
"ချစ်လေး အနားမှာ မရှိတာနဲ့ပဲ ညနက်တဲ့အထိ အလုပ်မလုပ်ရဘူးနော်"
 
"ဒီနေ့ ကလေးလေးလို ချွဲနွဲ နေပါလား ကိုယ့်အချစ်လေး"
 
 
" အဲလိုလည်း ဟုတ်ပါဘူး။ အရင်နေ့တွေကထက် 'ထင်'ကို ပိုလွမ်းမိလို့ပါ"
 
 
"ဒါဆိုရင် ဖုန်းမချဘဲနဲ့ ဖုန်းကို ချစ်လေး အိပ်ရာဘေးနားမှာ ချထားလေ"
 
မို့ထင်က ချိုသာစွာ ပြောသည်။
 
ထျန်းနင် ခေါင်းညိတ်သည်။ ငိုက်မျဉ်းနေသော အနေအထားဖြင့် ထျန်းနင်က ဖုန်းကို ဘေးနားက ခေါင်းအုံပေါ် တင်ထားပြီး မျက်လွှာဖြည်းဖြည်းချင်း ပိတ်သည်။  လင်းချုံးက ထျန်းနင်တို့ဖုန်းပြောနေခြင်းကို ခိုးနားထောင်နေ၍ အံ့ဩနေရသည်။
 
 
သူ မျှော်မှန်းထားသည့် ရလာဒ်ကို မရဘဲ ထျန်းနင်က ဖုန်းလေးကို ဖက်ကာ အိပ်မောကျသွားသည်။
 
 
ငြိမ်းချမ်းသော ညချမ်းလေးမှာ ဟွားရုံစတူဒီယိုက တုန်လှုပ်ဖွယ် သတင်းတစ်ပုဒ်ကို တင်ဆက်ခဲ့သည်။ မြေအောက်ကားပါကင်မှာ အလွန်ချစ်ကြင်နာနေသော စုံတွဲလေး၏အလှဓာတ်ပုံ ဖြစ်နေသည်။
 
 
စုံတွဲလေးကို ခန့်မှန်းရန် မခက်ခဲချေ။ ဟိုတလောက သတင်းထွက်ခဲ့ဖူးသည့် စုံတွဲလေး ဖြစ်နေသည်။ တခြားစုံတွဲတော့ မဟုတ် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အနုပညာရှင်ဒါရိုက်တာ ဖန်ယွီ နှင့် နိုင်ငံတကာအဆင့်မှီ မော်ဒယ် ဟွားကျင်းကျင်း ဖြစ်လေ၏။
 
 
သူတို့အချစ်ရေး ဖော်ထုတ်ခံရရုံသာ ဆိုလျှင် ယခုလို ဟိုးလေးတကျော် ဖြစ်စရာ အကြောင်း မရှိပေ။
 
 
သူတို့စုံတွဲလေးက ကားပါကင်မှာ အရူးအမူး နမ်းရှိုက်ပြီးနောက် ကားထဲ ထပ်နမ်းနေသေးသည်။
 
 
လူအများစုက ၎င်းမြင်ကွင်းကြောင့် သူတို့စုံတွဲကို အနည်းငယ် စက်ဆုပ်မိသည်။
 
 
ဓာတ်ပုံပြန့်သွားပြီးနောက် ဟွားရုံစတူဒီယိုက ဟွားကျင်းကျင်း၏သတင်းဟောင်းများ ပြန်တူးဖော်သည်။
 
 
လွန်ခဲ့သော နှစ်လကျော်ခန့်က လောင်းကစားသမားနှင့် ချစ်ကြိုက်ခဲ့ပြီး နှိပ်စက်ခံရသော ဒဏ်ရာများနှင့် သနားစရာ အကောင်းဆုံး ဘဝရောက်ခဲ့ဖူးသည်။
 
 
အခုတော့ ဟိုက်ဟွေ့ဖျော်ဖြေရေး၏အနုပညာရှင် ဒါရိုက်တာနှင့် ချစ်ကြည်နူးနေသည်။
 
 
"ဟွားကျင်းကျင်းက သူ့အလုပ်ကို ထိခိုက်မှာ စိုးလို့ လုပ်ကြံဇာတ် ခင်းခဲ့တာပဲ နေမယ်။ သူ့ချစ်သူကို အရူးအမူး ချစ်ခဲ့တဲ့ မိန်းမက နှစ်လတည်းနဲ့ တခြားယောက်ျား ရင်ခွင်ထဲ ရောက်ပါ့မလား"
 
 
"ဒီဓာတ်ပုံက ရွံစရာ နည်းနည်းကောင်းနေတယ်။ ကားထဲမှာ ညားတော့မယ် အထာနဲ့"
 
 
"ဖန်ယွီက ငါတို့ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေသလား"
 
 
"ငါ အတပ်ပြောရဲတယ်။ ဖန်ယွီရဲ့အကြိုက်က အတော်ကလေး ထူးခြားတာပဲ။ မိန်းမပျက်သာသာ မိန်းမနဲ့ နမ်းရဲတဲ့ သတ္တိကိုတော့ လေးစားတယ်ကွာ"
 
 
"ဒီလိုဓာတ်ပုံက လူငယ်မျိုးဆက်သစ်လေးတွေအတွက်တော့ သင်ခန်းစာ ယူစရာပဲ"
 
 
သတင်းစပြန့်တည်းက ဟိုက်ဟွေ့ဖျော်ဖြေရေးထံ သတင်းရောက်လာ၍ လုချယ်က ပြဿနာ အဖြေရှာရန် မို့ထင်ကို ချက်ချင်း အကြောင်းကြားရသည်။ ဖန်ယွီက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အနုပညာရှင် ဒါရိုက်တာ ဖြစ်နေသည့်အပြင် ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရသည့် ဒါရိုက်တာလည်း ဖြစ်နေသည်။
 
 
"သူဌေး"
 
 
မို့ထင်က အွန်လိုင်းပေါ်မှ စက်ဆုပ်ဖွယ် ကွန်မန့်များကို ဖတ်ရှုပြီး စကားတစ်ခွန်းမျှ မပြောသော်လည်း သူ့မျက်ဝန်းမှ ချောက်ချားဖွယ် လူသတ်ငွေ့ကို ခံစားနိုင်သည်။
 
 
"အရင်ဆုံး ထျန်းနင်ကို ဖုန်းဆက်၊ အခုချက်ချင်း ဟိုတယ်ပြောင်းဖို့ ပြော။ ပြီးရင် သတင်းမီဒီယာ နဲ့ အွန်လိုင်းပေါ်က ဆွေးနွေးမှုတွေကို ပြန်ထိန်းချုပ်မယ်"
 
မို့ထင်က သူ့ဖုန်းကို တစ်ဖက်လွှင့်ပစ်လိုက်ပြီး စကားဆက်ပြောသည်။
"အနုပညာရှင် ဒါရိုက်တာ အသစ်တစ်ယောက် ပြင်ဆင်ထားဖို့ လိုအပ်တယ်"
 
"ဒါက ဘာကို ပြောချင်တာလဲ"
 
 
"အခုပြဿနာကို ဖန်ယွီကိုယ်တိုင်ပဲ ကိုင်တွယ် ဖြေရှင်းရမယ်"
 
မို့ထင်က ခေါင်းမော့လိုက်ပြီး လုချယ်ကို စကားပြောသည်။ ရလဒ်က မည်သို့ပင် ဖြစ်လာပါစေမူ ဖန်ယွီကို မူလရာထူးအတိုင်း ခန့်အပ်ထားရန် မဖြစ်နိုင်ချေ။
 
"ဒါဆိုရင် ဟွားရုံစတူဒီယိုကိုလည်း ဘာဆက်လုပ်သင့်လဲ"
 
 
"လင််းချုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ၁၀မိနစ် အချိန်ပေးမယ်။ အချိန်ပြည့်တာနဲ့ အချက်အလက်အားလုံး ငါ့စားပွဲပေါ် ရောက်နေရမယ်"
 
မို့ထင်က ခပ်ရှရှ လေသံဖြင့် ပြောဆိုသည်။
"တစ်သက်လုံး နောင်တရတွေ ထွေးပိုက်ပြီး သူ့ဘဝရှင်သန်စေရမယ်"
 
လုချယ်က မို့ထင်ကို နားလည်ရခက်စွာ ငေးကြည့်နေသည်။ ယခုပြဿနာတွင် သူ့သူငယ်ချင်းလည်း ပါဝင်ပတ်သက်နေသည်။ ထို့နောက် သူ ထွက်သွားရန် ကျောခိုင်းလိုက်သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည် နောက်လှည့်ကြည့်ကာ စကားပြောလာသည်။
 
"တကယ်တမ်း ဖန်ယွီက အတော်လေး အရည်အချင်း ရှိပါတယ်"
 
မို့ထင်က သူ့ဖုန်းကို ကောက်ယူပြီး လုချယ်ကို ကြည့်သည်။
 
 
လုချယ် လှည့်ထွက်မသွားခင် မို့ထင်၏အကြည့်ကြောင့် ရင်ထိတ်သွားသည်။
 
 
လုချယ် ထွက်သွားပြီးနောက် မို့ထင်က ထျန်းနင်ကို ဖုန်းခေါ်သည်။ ထျန်းနင်က ရှုပ်ထွေးနေသော အခြေအနေကို ယခုအချိန်အထိ မသိသေးပုံရသည်။ သူမကို သတင်းမှန်သမျှ ပြောပြပေးမည့် လုံကျဲ အနားမှာ မရှိနေ၍ ဖြစ်နိုင်သည်။
 
 
"ချစ်လေး ဟိုတယ်ပြောင်းလို့ရအောင် လုချယ်ကို စီစဉ်ခိုင်းထားတယ်။ အခုအထိ ဘာမှ မသိသေးဘူးလား ချစ်လေး"
 
 
"ဘာလို့ ဟိုတယ်ပြောင်းမှာလဲ"
 
ထျန်းနင်က အဝတ်စား လဲနေရင်း ပြန်မေးသည်။
 
"မလုံခြုံလို့"
 
မို့ထင်က ရိုးရှင်းစွာ ပြန်ဖြေသည်။ ယခုအခြေအနေနှင့် ပတ်သက်ပြီး ထျန်းနင် အတွေးမလွန်အောင် သူက ဖြည့်စွက်ပြောသည်။
"ဒီကနေ့ည လေယာဉ်နဲ့ ကိုယ် လိုက်လာခဲ့မယ်။ ကိုယ်ရောက်မှပဲ ဒီအကြောင်းကို ဆက်ဆွေးနွေးကြတာပေါ့"
 
ထျန်းနင်က မို့ထင် ပြောသမျှကို နားမလည်ခဲ့၍ လုံကျဲကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
 
"ပေကျင်းမှာ တစ်ခုခုများ ဖြစ်နေလို့လား"
 
"နင် အခုအထိ မသိသေးဘူးလား"
 
လုံကျဲ ယခုတော့ ဗျာများနေရသည်။ သတင်းမီဒီယာမှ ဆက်သွယ်လာသော အဝင်ဖုန်းများကြောင့် သူမ၏ဖုန်းလေး ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ ထျန်းနင် နှင့် ဟွားကျင်းကျင်းက အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်နေ၍ လုံကျဲကို ဆက်သွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
 
"ငါ့ကို ပြောလေ"
 
 
"ငါ ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ဘူး။ သတင်းပဲ ဖတ်ကြည့်လိုက်ပါ"
 
 
သိပ်မကြာလိုက် လုံကျဲက သတင်းအသစ် လင့်ကို ထျန်းနင်ထံ ပို့ပေးလိုက်သည်။ ထျန်းနင်က ဖုန်းချလိုက်ပြီး ပေးပို့လာသော လင့်ကို နှိပ်လိုက်သည်။ သတင်းကို ဖတ်ရှုပြီးနောက် သူမ ထိတ်လန့်သွားရသည်။
 
 
ထျန်းနင်က သူမ လုပ်ရမည့် အလုပ်အားလုံးကို ရပ်ဆိုင်းပြီးနောက် ချက်ချင်း ဟိုတယ်ပြန်ကာ ဟွားကျင်းကျင်းနှင့် ဖန်ယွီကို သွားတွေ့သည်။ ထိုစဉ် သူတို့စုံတွဲလေးက အခန်းထဲမှာ တိတ်တဆိတ် ထိုင်နေသည်။
 
 
"ထျန်းနင်၊ ငါ့ကိုယ်စား ကျင်းကျင်းကို နှစ်သိမ့်ပေးပါဦး။ ငါ ဖုန်းသွားပြောလိုက်ဦးမယ်"
 
 
ဖန်ယွီက ထျန်းနင်ကို မြင်မြင်ချင်း ဟွားကျင်းကျင်းအနား ဆွဲခေါ်သွားသည်။
 
 
ဖန်ယွီက ဟိုက်ဟွေ့ဖျော်ဖြေရေးနှင့် ဖုန်းဆက်သွယ်ရမည်မှန်း ထျန်းနင် သိနေခဲ့၍ ဖန်ယွီကို အပြင်ဘက်မှာ ဖုန်းသွားပြောရန် မေးငေါ့ပြသည်။
 
 
ဟွားကျင်းကျင်း၏မျက်နှာက လငပုပ်ဖမ်းနေသည်။ ဖန်ယွီ ထွက်သွားသည်ကို မြင်မှ သူမက ထျန်းနင်ကို ဖက်ကာ သူမ၏ခံစားချက်ကို ဖွင့်ဟသည်။
 
"ငါ ဘာဆက်လုပ်သင့်လဲ။ သူ့ဂုဏ်သိက္ခာကို အဖက်ဆယ်ဖို့ ငါ ဘယ်လို ကူညီပေးသင့်လဲ"
 
ထျန်းနင်က ဟွားကျင်းကျင်းကို ပြန်ဖက်ထားပြီး အားတုံ့အားနာဖြစ်သော လေသံဖြင့်
 
"အားလုံး ငါ့အမှားတွေပါ ကျင်းကျင်းရယ်"
 
"ဒီကိစ္စက ဘယ်လိုဖြစ်ပြီး နင်နဲ့ သက်ဆိုင်ရမလဲ။ ငါတို့က သာမန်ချစ်သူတွေပဲလေ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ကြင်နာယုယတာ ဘာများ မှားယွင်းနေလို့လဲ"
 
ဟွားကျင်းကျင်း၏အေးစက်သော မျက်ရည်စက်များက ထျန်းနင်၏လည်တိုင်ပေါ် ကျဆင်းလာသည်။
 
"နင့်တို့တွေ ဘာမှ မမှားခဲ့ပါဘူး"
 
ထျန်းနင်က ကျင်းကျင်း၏ကျောလေးကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးသည်။
 
"ဖန်ယွီ သူ့အလုပ်ကို ဆုံးရှုံးရတော့မှာလား ထျန်းနင်။ ထျန်းနင် ငါ့ကို အကြံပေးပါဦးနော်။ ငါတို့နှစ်ယောက် ဒီအဖြစ်ဆိုးကနေ ဘာမှ မထိခိုက်ဘဲ လွတ်မြောက်နိုင်မယ်ဆိုရင်လေ ငါ ဘာမဆို စွန့်လွှတ်ပစ်နိုင်တယ်"
 
***
အပိုင်း(၃၁၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now