အပိုင်း(၄၄၉)
မြို့၏တခြားတစ်ဖက်ခြမ်း
ထျန်းရွှမ်က ထျန်းမိသားစုမှ ထွက်လာပြီးနောက် ကလေးယူရန် ပြင်ဆင်နေခဲ့သည်။ လပိုင်းခန့် အချိန်ယူပြီးနောက် ကိုယ်ဝန်ဆောင်ရသော လက္ခဏာများ ပေါ်လာသည်။ ပေကျင်းမြို့၏ အကောင်းဆုံး ဆေးရုံတွင် ထျန်းရွှမ် ထိုင်နေစဉ် အခိုက်အတန့်လေး ဖြစ်သည်။
ထျန်းမိသားစု ပြန်သွားနိုင်ရန် အလို့ငှာ သူမ အချိန်အကြာကြီး သည်းခံ စောင့်ဆိုင်းခဲ့ရသည်။ အထူးသဖြင့် ထျန်းနင် ပို၍ ပို၍ ကျော်ကြားလာသော နေ့ရက်များ မြင်ရ ကြားရ၍ မနာလို ဝန်တိုစိတ်များ ဖြစ်ပေါ်နေရသည်။ ထျန်းနင် သူမကို ဦးညွှတ်ရမည့် နေ့ရက်ကို စိတ်ကူးယဉ် နေမိသည်။
"မိန်းကလေးထျန်းရွှမ်၊ ဂုဏ်ယူပါတယ်။ မင်းရဲ့ ကိုယ်ဝန်က ၈ပတ် ရှိနေပါပြီ"
ဆရာဝန်က ရှင်းပြသည်။"မင်းရဲ့ခန္ဓာကိုယ်ကို မင်း သေချာစောင့်ရှောက် ထားလို့ ကလေးက အရမ်းကို ကျန်းမာပါတယ်"
ထျန်းရွှမ်က ကျန်းမာရေး အတည်ပြုချက်ကို ဆုပ်ကိုင်ကာ သက်ပြင်းချမိသည်။
"ကလေးက ယောက်ျားလေးလား မိန်းကလေးလား သိလို့ ရပြီလား""အမ်"
ဆရာဝန်က တအံ့တဩ ထျန်းရွှမ်ကို ငေးစိုက်ကြည့်ကာ ခေါင်းခါသည်။
"ကလေး ၈ပတ်လောက်နဲ့ လိင် အကဲဖြတ်လို့ ရတဲ့ နည်းပညာရှိပေမဲ့ ဆေးရုံက အဲဒီနည်းပညာ သုံးခွင့်မပြုဘူး။ ဒါကြောင့် ကိုယ်ဝန်ငါးလ မတိုင်ခင်တော့ သားသားလေးလား မီးမီးလေးလား ဆုံးဖြတ်လို့ ရမှာပါ"ထျန်းရွှမ်၏ မျက်နှာအမူအရာ သုန်မှုန်သွား သော်လည်း သူမက ဆရာဝန်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် မတောင်းဆိုခဲ့ပေ။
သူမ ကိုယ်ဝန်လွယ်ထား၍ ထျန်းအကြီးအကဲ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သော ဝှက်ဖဲကို ပိုင်ဆိုင် ထားပါပြီ။
ဆေးစစ်ဆေးပြီးနောက် ထျန်းရွှမ်က ဆေးရုံမှ ထွက်လာခဲ့သည်။ သို့သော်လည်း ဓာတ်လှေကားထဲ ဝင်ရောက်လိုက်စဉ် လုချယ်ကို အမှတ်တမဲ့ လှမ်းမြင်သည်။
လုချယ်က မို့ထင်၏ ညာလက်ရုံးမှန်း သူမ သိထား၍ လုချယ် ဆေးရုံ ရောက်နေသည့် အကြောင်းအရင်းကို သူမ စူးစမ်းချင်သည်။