အပိုင်း(၃၉၇)
နောင်၅ရက်ကြာလျှင် ပိုင်ချန်သုန် ရုပ်ရှင်ရိုက်ကွင်းသွားရမည်ကို ဟန်ရှင်းအာ သိခဲ့ရ၍ ကျိတ်ဝမ်းသာနေသည်။ ပိုင်ချန်သုန်က ဟန်ရှင်းအာ၏ အပျော်ကြီး ပျော်နေသော မျက်နှာကို သံသယမျက်ဝန်းဖြင့် ငေးစိုက်ကြည့်ကာ မေးမြန်းသည်။
"မင်းက ငါ အလုပ်ရှုပ်တော့မှာကို ကျိတ်ဝမ်းသာနေသလိုပဲနော်"ဟန်ရှင်းအာက ဟန်ကိုယ့်ကာ လည်ချောင်းရှင်းလိုက်ပြီး သူမ၏ဆန့်ကျင်ဘက်မှ မတ်တတ်ရပ်နေသော အေးစက်စက် အမျိုးသားကို ကြည့်ပြီး ပြုံးပြသည်။
"တခြားအကြောင်းတော့ မရှိပါဘူး။ ကျွန်မက ရှင့်ကို ဒုက္ခပေးနေမိသလို ခံစားမိလာလို့ပါ"
ပိုင်ချန်သုန်က အကြည့်လွှဲပြီး စကားပြန်ပြောသည်။
"ဟုတ်တယ် မင်းက ငါ့ကို အတော်လေး စိတ်အနှောင့် အယှက်ပေးတယ်"သူမကို အနမ်းပေးချင်သည့် ဆန္ဒကို သူ့စိတ်ကို လွှမ်းမိုးထား၍ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
"ရိုက်ကွင်းသွားလို့ ရိုက်ကူးရေး စတင်ရင် ရှင် ကျွန်မကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်း ထပ်မရှိတော့ပါဘူး"
ဟန်ရှင်းအာက သူမလက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို အောက်ချထားလိုက်ပြီး ယနေ့ည စောစော အနားယူခွင့်ရရန် ဆုတောင်းမိသည်။သူမ အနားယူချိန်ရပြီး ရုပ်ရှင်ကြည့်ကာ ခေါင်းဆေးနိုင်သည်။ ပိုင်ချိန်သုန်က သူမကို အားလပ်ချိန် တကယ် ပေးနိုင်မည်လော။
"ရှင့်လက်က တော်တော်လေး လှုပ်ရှားနိုင်နေပါပြီ။ ဒီညတော့ စောစော အိမ်ပြန်ချင်တယ်""မင်း ဒီလောက် အိမ်ပြန်ချင်နေတာ အိမ်မှာ တစ်ယောက်ယောက် စောင့်နေလို့လား"
"မဟုတ်ပါဘူး"
ဟန်ရှင်းအာ ပြန်ဖြေသည်။
"ကိုယ်ပိုင် အားလပ်ချိန် မရတာ ကြာပြီလေ။ ဈေးဝယ်ထွက်ချင်တယ်။ လမ်းလျှောက်ထွက်ချင်တယ်""ဒါဆိုရင် ကိုယ် လိုက်ခဲ့မယ်လေ"
ပိုင်ချန်သုန်က ရုတ်ခြည်း ကမ်းလှမ်းလာသည်။"ဟမ်"
ဟန်ရှင်းအာ အံ့အားသင့်သွားသည်။
"ရှင်က တစ်နိုင်ငံလုံး တန်ဖိုးထားရတဲ့ အဖိုးတန် သရုပ်ဆောင်မင်းသားလေ။ ရှင်က ကျွန်မနဲ့ အတူတူ ဈေးဝယ်ထွက်ချင်လို့လား။ မဖြစ်သေးပါဘူး။ ကျွန်မကို လူတိုင်းဝိုင်းကြည့်တာ မလိုလားဘူး"