Part 2

20.8K 1.7K 3
                                    

ယိုင်နဲ့နေသောလှေကားမှ ဆင်းလာကာ နေရောင်အောက်မှာ သူရိန် တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။ စပ်ဖျဉ်းသောနာကျင်မှုက သူ့ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပိုဆိုးလာသလို။ အုန်းပင်များနှင့် ပြည့်နှက်နေသော အုန်းတောကိုကျော်ဖြတ်ပြီး ပင်လယ်ကမ်းခြေဘက်ကို ဆက်လျှောက်လာခဲ့သည်။ စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသော အမှိုက်များက သာယာသော ကမ်းခြေအလှကို ဖျက်ဆီးနေသည်။ ပင်လယ်မှ သယ်ဆောင်လာသည့် သဲပြည့်နေသော ကျွတ်ကျွတ်အိတ်များမှာ မက်မောဖွယ် အဖြူရောင်သောင်ပြင်ကို ရုပ်ဆိုးနေစေသည်။

တောက်ပသောနေရောင်အောက်တွင်မူ အဆုံးမရှိသော ပင်လယ်ကြီးမှာ ပြာလဲ့နေသည်။ လေထန်သောနေ့တစ်နေ့မို့ ဖြူဖွေးသော လှိုင်းကြပ်ခွပ်ကလေးများနှင့် ပင်လယ်တစ်ခုလုံး ပြည့်နှက်နေသည်။

သဲသောင်ပြင်ကို ကျော်ကာ ကျောက်ဆောင်ကျောက်တန်းများနှင့် ပြည့်နေသော ကမ်းခြေစပ်တစ်ခုကို အရောက်မှာတော့ သူရိန်ထိုင်နေကြကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ဒီနေရာလေးက သူ့အတွက်တော့ လောကကြီးတစ်ခုလုံးမှ ပုံးကွယ်ရှောင်ပုန်းစရာနေရာတစ်ခုပင်ဖြစ်သည်။ ရွာနှင့် အလှမ်းဝေးကာ ဖြတ်သန်းသွားလာသူ နည်းသောကြောင့်လည်း သူစိတ်ညစ်တိုင်း ဒီနေရာကိုလာ၍ တစ်ယောက်တည်း ထိုင်နေကြဖြစ်သည်။

သူရိန် ဖခင်ကိုမုန်းမိသည်။

ကြမ်းတမ်းသော ကံကြမ္မာကို သူအပြစ်မတင်ပါ။ သူချစ်သောမိသားစုအတွက် မမ၊ မေမေနှင့် ထွတ်ငယ်တို့အတွက် ဘယ်လောက်ပင် ခက်ခဲပါစေ ကံကြမ္မာကို သူရင်ဆိုင်ရဲသည်။

ဘ၀ဆိုသည်မှာ အရှုံးပေးဖို့မဟုတ်။

ဖခင်ဖြစ်သူလို အရက်သောက်ပြီး အရာရာကိုမေ့ချင်သည့် ပျော့ညံ့သော ယောက်ျားတစ်ယောက်အဖြစ် သူဘယ်တော့မှအဖြစ်မခံနိုင်။

'ဟိတ်'

ဘယ်လောက်တောင် ငေးနေမိသည်မသိ။

ခေါ်သံတစ်ခုကြောင့် အတွေးလွန်နေသော သူရိန်လန့်သွားမိသည်။ ဒီနေရာကို တော်ရုံတန်ရုံဖြတ်သန်းသွားလာမည့်သူမရှိ။ ရွာနှင့်လည်းအတန်ငယ်ဝေးကာ စည်ကားနေပြီဖြစ်သော ကမ်းခြေဟိုတယ်ဇုံနှင့်လည်း ဝေးကွာလွန်းလှသည်မို့ သူရိန်တအံ့တသြနောက်လှည့်ကြည့်မိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now