Part 40

15K 1K 12
                                    

ကားမှန်ရှေ့မှ မိုးရေသုတ်တံနှစ်ချောင်းမှာ အချက်ညီစွာ လျှင်မြန်စွာ မျက်စိရှေ့မှာ ဖြတ်သန်းနေသည်။ သည်းသောမိုးရေစက်များက အရှိန်ပြင်းစွာ စီးဆင်းနေသည့်အပြင် ပြင်းသောလေက အဆက်မပြတ်တိုက်ခတ်နေသည်မို့ ကားလမ်းဘေးတစ်လျှောက်ရှိ သစ်ပင်များအားလုံး ယိုင်နဲ့နေသည်။

အားမာန် လက်တစ်ဖက်တည်းဖြင့် စတီယာတိုင်ကို ကျွမ်းကျင်စွာ ကိုင်ကာ ကားမောင်းလာခဲ့သည်။ အခြားတံတောင်ဆစ်တစ်ဖက်ကို ကားပြတင်းပေါက်ထောင့်မှာ မှီတင်ကာ လက်သီးဆုပ်ကို သူ့နှုတ်ခမ်းရှေ့မှာ ထိကပ်ကာ တွေဝေနေသည်။ ညည့်မိုးချုပ်လွန်းလှပြီ ဖြစ်သည့်အပြင် သည်းထန်စွာရွာနေသော မိုးကြောင့် အသွားအလာသိပ်မရှိဘဲ ကားရှင်းနေသည်။

နေသား ဘာတွေဖြစ်နေတာလဲ။

အားမာန် မတွေးချင်သော်လည်း နေသားအကြောင်းကို စဉ်းစားမိသည်။ ဒီနေ့ သူတို့နှစ်ယောက် တွေ့ဆုံမှုသည် အခြားနေ့များနှင့် မတူသည်ကို အားမာန်သိသည်။

အားမာန် စိတ်ပူမိသည်မှာ နေသား အခုလို ပြောင်းလဲခြင်းနောက်မှာ ကြောက်စရာကောင်းသည့် တစ်ခုခုကိုပြင်ဆင်နေသည်များလားဟူသည့် အတွေးကြောင့်ဖြစ်သည်။

မီးနီနေသော အနီရောင်မီးပွိုင့်တစ်ခုရှေ့တွင် အားမာန်ကားကို အရှိန်လျှော့ရပ်တန့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။

သူ ဒီနေ့ နေသားအိမ်မှ လှမ်းထွက်လာစဉ် နေသား သူ့ကိုလှမ်းမတားခဲ့။

အားမာန် နေသား အိမ်မှ လှမ်းထွက်လာစဉ် မှောင်ရိပ်တစ်ခုမှာ ရပ်တန့်ထားသော ကားတစ်စင်းကို မြင်လိုက်သလိုရှိခဲ့သည်ကို တွေးမိတော့ တစ်ကိုယ်လုံး အေးစက်သွားသည်။

သူရိန်...

မီးပွိုင့်စိမ်းသွားသည်မို့ မောင်းထွက်ရန် ပြင်နေသော အားမာန် ကားဘရိတ်ကို ဆောင့်နင်းမိသွားသည်။

နေသား ၀ယ်ထားသော ထိုအိမ်ရှိရာ လူနေရပ်ကွက်သည် လူအသွားအလာကင်းသလို အခုလိုညများမှာ ကားတစ်စီးရပ်နေစရာ လုံးဝမရှိပါ။ ပြီးတော့ အမှောင်ရိပ်ထဲမှာဖြစ်၍ သေချာမမြင်လိုက်သော်လည်း သူရိန်မောင်းနေကျ ကားဖြစ်မှန်း စဉ်းစားမိချိန် ပြောမထွက်နိုင်လောက်အောင် ထိတ်လန့်ကြောက်ရွံ့သွားမိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now