ဇာတ်သိမ်းပိုင်း

13.1K 837 69
                                    

တောက်ပသော နေလုံးကြီးက ပြာလွင်သော ကောင်းကင်ထက်မှာ စူးရှစွာထိန်သာနေသည်။ ကောင်းကင်ထက်မှ တိမ်ဖြူများမှာလည်း လေနှင်ရာသို့ မျောပါနေသည်။ ပြာလွင်သော ပင်လယ်ပြင်ထက်မှာ လှိုင်းလုံးဖြူလေးများက မမောပန်းနိုင်စွာ ပြေးလွှားနေသည်။

ရပ်တန့်ထားသော ရွက်လှေငယ်မှာ အပြာရောင်ကောင်းကင်နှင့် အပြာရောင်ပင်လယ်ကြားမှာ..

ဖြတ်သန်းသွားသော တိမ်ဖြူများကို ငေးကြည့်နေသည်။ အတိတ်ဆိုတာ ဒီတိမ်စိုင်လေးများလိုပင်။ ပုံရိပ်တွေ ထားခဲ့သည်။ အမှတ်တရတွေ ချန်ခဲ့သည်။ သို့သော် ဘ၀သည် ရွေ့လျားမြဲ။ ခရီးဆက်ဆဲ။ ရှေ့ဆက်သွားဆဲ။

ရေစက်တချို့ မျက်နှာကိုစင်သည်။ လှည့်ကြည့်တော့ နေရောင်အောက်မှာ ပြုံးနေသူ။

'ငြိမ်လှချည်လား ချစ်ရာ။ လွမ်းနေတာလား။'

'အင်း..'

'ဘယ်ကောင်မလေးကိုလဲ'

'ကျောင်းက ကောင်မလေးကို'

မကျေနပ်သလို မျက်မှောင်ကုတ်သည်မှာ ချစ်ဖို့ကောင်းသည်။

'အဲ့ဒီ့ကောင်မလေးက ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်နဲ့။ စကားပြောချင်သလိုလို မပြောချင်သလိုလို သိပ်အိုင်တင်များတယ်။ ပြီးတော့..'

နောက်ထပ်ရေတွေ ထပ်စင်သည်။ ဒီတစ်ခါတော့ တော်တော်များသည်။ သူရိန် ရယ်လိုက်သည်။

'စိုကုန်ပြီ ကိုကိုရာ။'

ပင်လယ်ရေထဲမှာ ဒူးထိရေစိမ်ကာ ပြုံးရယ်နေသူသည် အဖြူရောင် ရွက်လှေလေးလိုပင်။

'ကိုကို..'

'အင်း...'

'ဒီမှာကြည့်..'

လှဲနေရာမှထတော့ ရွက်လှေငယ်သည် လှုပ်ခါသွားသည်။ ဖုန်းကိုလက်မှကိုင်ပြီး မျက်နှာရှေ့ထိုးပြတော့ ခေါင်းနောက်ဆုတ်ကြည့်သည်။

ဖုန်းထဲမှ ဗီဒီယိုဖိုင်တစ်ခု။ အနီရောင်အပွင့်သေးသေးလေးများနှင့် ပန်းပွင့်ငယ်စု။ သူတို့လေးတွေအလှတွင် ဖမ်းစားခံနေရသော လိပ်ပြာလေးတစ်ကောင်က တ၀ဲလည်လည်။ တောင်ပံများကို ဖြန့်ကာ စုကာ ပျံသန်းနေပြီးမှ ပန်းလေးတစ်ပွင့်ပေါ် ရပ်နားသည်။ လေအယိမ်းမှာပင် လက်မလျှော့။ ပန်းပွင့်ငယ် မျှော်လင့်နေသော အနမ်းပွင့်ကို ချန်ထားပေးသည်။

'အဲ့ဒီ့ပန်းနာမည်ဗျာ.. ဘယ်လိုခေါ်လဲ။'

ခေါင်းကိုငဲ့ကာ လှည့်ကြည့်သူ။ အပြုံးများက ယစ်မူးစေသည်။

'ဘယ်လိုခေါ်လဲလို့... ကိုကို.. ကျွန်တော် မသိလို့။'

ပြုံးနေသော်လည်း မဖြေ။ ကိုယ်ကိုလှည့်ကာ မျက်နှာချင်းဆိုင်သည်။ မျက်လုံးများကို ဖြည်းဖြည်းမှိတ်သည်။ ပြုံးနေသော နှုတ်ခမ်းများ မသိမသာ စုသွားဟန်။ သိပ်ချစ်ဖို့ကောင်းနေသောကြောင့် သတိမလွတ်ဖို့ဆိုတာခက်သည်။

ရွက်ဖြူများ တဖျတ်ဖျတ်ခါသည်..

လှိုင်းငယ်များ နိမ့်လိုက်မြင့်လိုက်..

အနမ်းတစ်ပွင့်ကို ဖြတ်သန်းတိုက်ခတ်သွားသည့် ပင်လယ်လေညင်း၏ ကျီစားသံများလေလား ဟု..

...............................The End...............................

အကြင်နာမွန်

၂၆.၀၂.၂၀၂၀

၁၈.၁၂

ပင်လယ်နဲ့လှေငယ်Where stories live. Discover now