Part 38

13.7K 1.1K 2
                                    

မည်းမှောင်သော ကောင်းကင်ပြင်ထက်မှာ တစ်ချက်တစ်ချက် ထွန်းလင်းလာသော လျှပ်စီးကြောင်းများက ထင်းလင်းနေသည်။ ပြင်းထန်စွာ တိုက်ခတ်လာသော လေပြင်းအဝှေ့တွင် သစ်ကိုင်းသစ်ခတ်များ၏ အော်မြည်သံဖြင့် ဆူညံသွားသည်။ တံခါးမှန်များက တင်းကြပ်စွာ ပိတ်ထားပေမယ့် တစ်ခါတစ်ရံ တွန်းတိုက်လာသော လေပြင်းကြောင့် တီးခတ်လာသော ဂစ်တာကြိုးတစ်ခုလို တုန်ခါသွားကြသည်။

နေသား ဂစ်တာကြိုးကို တို့ခတ်ကစားရင်း သူ့ရှေ့မှ အားမာန်ကို လှမ်းကြည့်လိုက်သည်။ အားမာန်လက်ထဲမှ မည်းမှောင်နေသော ဖုန်းဖန်သားပြင်ကို ငြိမ်သက်စွာ စူးစိုက်ကြည့်နေသည်။ စားပွဲဝိုင်းပုလေးပေါ်မှ နေသား ပြင်ပေးထားသော အသားညှပ်ဆန်းဝစ်ဒ်မှာ အရာမယွင်းသေး။

'တစ်ယောက်ယောက် မင်းကိုဖုန်းဆက်ဖို့ရှိလို့လား အားမာန်.. မင်းဖုန်းကိုစိုက်ကြည့်နေတာ နာရီဝက်ကျော်ပြီ..'

အားမာန် နေသားကို တစ်ချက်မော့ကြည့်ပြီး လက်ထဲမှ ဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်သည်။ နေ့လည်ခင်းက ဆိုင်ထဲမှ အမှတ်မထင် တွေ့ခဲ့ရသည့် သူရိန်မျက်နှာကို ခေါင်းထဲမှ မောင်းထုတ်လို့မရအောင် ဖြစ်နေသည်။ အေးစက်သော မျက်လုံးများနှင့် လှောင်ရယ်ချင်နေသည့် သူရိန့်နှုတ်ခမ်းပါးများက အားမာန်ကို ခြောက်လှန့်နေသည်။

နေသား စိတ်မရှည်စွာ ဂစ်တာကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

အားမာန် ဘယ်သူ့ကိုစဉ်းစား၍ ဘာကိုတွေးနေသည်ကို မေးနေစရာမလိုဘဲ သူ နားလည်သည်။ စားပွဲပေါ်မှ ဘီယာပုလင်းကို တစ်စက်မကျန်အောင် မော့သောက်လိုက်ပြီး အားမာန်နားလျှောက်လာခဲ့သည်။

အေးစက်စွာ မော့ကြည့်လာသော အားမာန်ကို နေသား ဆိုဖာပေါ် တွန်းလှဲလိုက်သည်။ သူ အားမာန်နဘေးမှာ ၀င်ထိုင်လိုက်ရင်း အားမာန်လည်ပင်းမှ နက်ကတိုင်ကို ဆွဲဖြုတ်လိုက်သည်။ အားမာန် သူ့ကိုမကြည့်။ ခပ်စောင်းစောင်း မျက်နှာလွှဲထားသော အားမာန်နဖူးမှ သွေးကြောတစ်ချို့က ထင်းနေသည်။ ထို့နောက် နေသား အပြာရောင် ရှပ်အကျီင်္မှ ကြယ်သီးများကို တစ်လုံးချင်း ဖြေးညှင်းစွာ ဖြုတ်လိုက်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now