အပိုင်း ၁၇

7.1K 702 84
                                    

ရေနွေးဆူသံကို ကြားနေရသည်။ ခလုတ်ကို ချက်ချင်းမပိတ်ဖြစ်။ တိုးထွက်နေသော အပူငွေ့များကို စိုက်ကြည့်နေပြီးမှ ဂက်စ်ခလုတ်ကို လှည့်ပိတ်လိုက်သည်။ အိမ်ကြီးသည် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ ကော်ဖီထုပ်ကို လှမ်းယူပြီး ဘာလုပ်ရမည်မှန်းမသိ။ လက်ဖက်ရည်ထက် ကော်ဖီကိုသာပိုပြီး နှစ်သက်သူသည် သူကိုယ်တိုင် ပြင်ဆင်ပေးသော ကော်ဖီခွက်ကို လှမ်းယူပါ့မလား။ နေသားပြုံးလိုက်သည်။ ဒီလိုစိတ်လှုပ်ရှားမှုမျိုး မရှိခဲ့တာ ကြာခဲ့ပြီ။ ကော်ဖီထုပ်ကို စားပွဲပေါ်တင်ပြီး အိမ်ရှေ့ဆီသို့ တစ်ဖန်ပြန်လျှောက်လာသည်။

သိပ်လိုတော့မှာ မဟုတ်။ မျှော်နေသူသည် ရောက်လာတော့မည်။

အိမ်ဟောင်းကြီးသည် အတန်ငယ် အိုမင်းသွားသည်ကလွဲလျှင် ယခင့် ယခင် အချိန်များကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲသေးပါ။ အသုံးအဆောင်များ၊ လိုက်ကာ၊ အိပ်ရာခင်းများမှ အစ မပြောင်းထားခဲ့။ သန့်စင်နေအောင် လျှော်ဖွပ်ထားရုံ။ တစ်အိမ်လုံး ဖုန်တစ်စက်ပင် မရှိအောင် သန့်ရှင်းထားရုံသာ။

အုတ်စီကာရံထားသော ထင်းမီးဖိုကြီးပေါ်တွင် ဓါတ်ပုံမှန်ဘောင်တစ်ခု။ မိမိနားတွင် ရပ်နေသူ အသားဖြူဖြူ ကောင်လေးတစ်ယောက်။ ဓါတ်ပုံ၏ ထောင့်ခြမ်းကို သူ ညှပ်ထုတ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် သူ့လက်မောင်းကို ဖက်ထားသည့် အမျိုးသမီးတစ်ယောက်၏လက်သည် ရှိနေဆဲ။ ဘ၀မှာ အချို့အရာများသည် စက္ကူစတစ်ခုလို ညှပ်ထုတ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်။

မိန်းမတွေကို သူ မုန်းသည်။

အားမာန်၏ မိခင်။ ကြွယ်၀ထက်မြက်သည့် အမျိုးသမီးတစ်ဦး။ ဘာလိုအပ်ချက်မှ မရှိဟု ပတ်၀န်းကျင်က ထင်မြင်ကြလိမ့်မည်။ ရုပ်ရည်၊ ပညာ၊ ပစ္စည်းဥစ္စာ ဘာတစ်ခုမှ လိုလေသေးမရှိ။ သို့သော် သူမ လောက် အထီးကျန်ဆန်ခဲ့သူ မရှိ။ မိမိကိုယ်တိုင် မမွေးချင်ခဲ့သော သားတစ်ယောက်နှင့်အတူ ဘ၀ကို ဖြတ်သန်းနေရချိန် သူ ပေးခဲ့သည့် ဟန်ဆောင်ယုယမှုများတွင် နစ်မြောခဲ့သည်။

နေသား၏ မိခင်။ အတွေးနှင့်ပင် မပစ်မှားထိုက်ပါဟူသော မာတာမိခင်ကို နာနာကြည်းကြည်း မုန်းနေသူသည် အရှင်လတ်လတ် ငရဲရောက်နေသူပင်။ ငယ်ရွယ်စဥ်ကတည်းက မိဘနှစ်ပါးက သေဆိုသေ၊ ရှင်ဆိုရှင် နေခဲ့သူ။ မိမိကိုယ်ကို ဘယ်တုန်းကမှ မညှာတာခဲ့။ မြို့မျက်နှာဖုံး မိဘနှစ်ဦး၏ စိတ်အလိုကျ အားကစား၊ ပညာရေး၊ ဘက်စုံထောင့်စုံမှ အောင်မြင်သည်အထိ စံပြသားလိမ္မာတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now