အပိုင်း ၄

9.1K 930 5
                                    

'သား.. မေမေ သူနဲ့ လက်ထပ်ခဲ့ပြီ။'

မိခင်ဖြစ်သူသည် သူမ ထုံးစံအတိုင်း လိုသလောက်သာ စကားဆိုသည်။ အိမ်တံခါး၀မှာ ရပ်နေသည့် လူရိပ်ကို အားမာန် လှည့်မကြည့်ဖြစ်။ မိခင်ကိုသာ နားမလည်သလို ခေါင်းမော့ကြည့်နေဆဲ။ စကားလုံးများ၏ အနက်ကို နားလည်သည်။ ပြောနေသူက မိမိ၏ မိခင်ဖြစ်နေသည်ကိုသာ အံ့သြနေခြင်းပင်။

သူ ရှစ်တန်းကျောင်းသားအရွယ် ရောက်သည်အထိ မိခင်သည် မည်သူ့ကိုမှ အိမ်မခေါ်လာဖူးခဲ့။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စများအတွက် လူချင်းတွေ့စရာရှိလျှင် အပြင်မှာသာ တွေ့တတ်သည်။ အမြဲနောက်ကျမှ အိမ်ပြန်လာတတ်သော မိခင်သည် ယနေ့ စောစီးစွာ ပြန်လာခဲ့သောကြောင့် တစ်ခုခု ထူးခြားပြီဆိုတာတော့ အားမာန် နားလည်သည်။ ဒါပေမဲ့ ယခုကဲ့သို့ သတင်းကိုတော့ မမျှော်လင့်ခဲ့။

'လာလေ မောင်.. သား က စကားနည်းတယ်။ ဟင်း ဟင်း..'

ချွဲနွဲ့သံပါနေသည့် စကားသံသည် သူ့ မိခင်မှ ဟုတ်ရဲ့လားဟု မယုံနိုင်။ မာထန်ထန်စကားသံနှင့် စိတ်မရှည်သည့် အသုံးအနှုန်းများကိုသာ ရင်းနှီးခဲ့ရဖူးသည်။ အားမာန် မွေးကတည်းက မိခင်နို့တိုက်ဖို့ကို ငြင်းခဲ့သည်။ ကလေးထိန်း လက်ထဲအပ်ကာ တစ်နေ့တစ်ခါပင် လှည့်မကြည့်သောကြောင့် အဖွားဖြစ်သူက သမီးရင်းကို သေသည်အထိ စိတ်နာသွားခဲ့သည်။

အဖွားနှင့်အမေတို့၏ ပဋိပက္ခများကို သူ သိပ်မသိပေမယ့် လူမှန်းသိချိန်ကတည်းက မိခင်ကို ကြောက်ရွံ့စရာ လူသားတစ်ဦးဟုသာ သိထားခဲ့သည်။ သူ့အနားတွင် ကလေးထိန်းများ၊ အိမ်ဖော်များသာ ရှိသည်။ အခြားလူချမ်းသာ ကလေးများလို မဆိုးရဲ။ မိခင်ဖြစ်သူသည် သူ့ကို ကာကွယ်ပေးမည့်သူ မဟုတ်ဆိုသည့်အသိက ဦးနှောက်ထဲမှာ စွဲနေသည်။

'သားနဲ့ မောင်က ခင်ပြီးသားပါ မမ။'

ကြားဖူးပါသည်ဟု တွေးမိသော အသံ။ တံခါးအရိပ်မှာ ထွက်လာချိန် အားမာန် မျက်လုံးများ ၀ိုင်းစက်သွားသည်။

'ဦးငယ်..'

အသားညိုညို အရပ်မြင့်မြင့် နှာတံထင်းထင်းနှင့် လူငယ်တစ်ယာက်။ မှားယွင်းစရာ မရှိ။ အပေါင်းအသင်းနည်းသည့် အားမာန်အတွက် ကျောင်းပြင်ပ ပန်းခြံထဲမှာ ဦးငယ်နှင့် စကားပြောရင်း ရင်းနှီးခဲ့သည်မှာ ကြာခဲ့ပြီ။ ဒါပေမဲ့ ဦးငယ်သည် သူ့မိခင်၏ ခင်ပွန်းလောင်းဆိုတာကိုတော့ လုံးလုံး မသိထားခဲ့။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now