Part 37

13.1K 1.1K 4
                                    

'စဉ်းစားစမ်း သူရိန်.. ခေါင်းအေးအေးထားပြီး စဉ်းစားစမ်း'

သူရိန် ကားထဲမှာ အရူးတစ်ယောက်လို တစ်ယောက်တည်း ရေရွတ်နေမိသည်။

နေသား..။

ဘယ်အချိန်က ဒီလူ သူတို့လောကထဲကို ၀င်ရောက်လာတာလဲ။

သင်းမာမွေးနေ့..

အားမာန်အပြောအရ ထိုနေ့ကမှ အားမာန် နေသားနှင့် သိကျွမ်းရခြင်းဖြစ်သည်။ အားမာန်လက်ထဲမှ ဖန်ခွက်တစ်ခုလုံးလွတ်ကျသွားသည်အထိ တုန်လှုပ်အံ့သြသွားခဲ့သည်ကို သူရိန်မှတ်မိသည်။ နောက်ပိုင်းညတွေ အားမာန် အိပ်မရတော့တာတွေကို စဉ်းစားမိသည်။

ကန်တော်ကြီးတွင် တွေ့ဆုံစဉ်က နေသားဆိုသူရဲ့ အေးစက်စက်လှောင်ပြုံးတစ်ခုကို သူရိန်မြင်ယောင်လာသည်။ ထိုအချိန်ကလဲ အားမာန် နေသားပြောသမျှ သဘောတူကာ ခေါင်းညိတ်လက်ခံခဲ့သည်။

ဘာဖြစ်လို့လဲ။

ဘာတွေဖြစ်နေတာလဲ။

ရုတ်တရက် ထွတ်ငယ်ကျောင်းရှေ့မှာ နေသားနှင့် သူ ဆုံခဲ့မိတာကို သတိရမိတော့ မျက်လုံးများပြာသွားသည်။ ခြိမ်းခြောက်သံပါနေသော နေသား ၏ စကားသံများနှင့် ရက်စက်သောမျက်လုံးများ။ ပြီးတော့ သိသိသာသာ ထွတ်ငယ်နှင့် ရင်းနှီးအောင် ချဉ်းကပ်ကြိုးစားလာမှု။ ထိုအကြောင်းကို အားမာန်ကို သူပြောသည့် အချိန်မှာ အားမာန်မျက်လုံးများထဲမှ ကြောက်ရွံ့ စိုးရိမ်မှုများကို ပြန်လည်မြင်ယောင်လာသည်။

ဟုတ်သည်။

အားမာန် ထိုနေ့က ညအရမ်းမိုးချုပ်မှ အိမ်ပြန်ရောက်လာခဲ့သည်။

နောက်ပိုင်း သူ နေသားကို လုံးဝမတွေ့ရတော့သလို ထွတ်ငယ်ကလည်း ဦးဦးနေ ကျောင်းကိုမလာတော့ဘူးဟု ပြောလာသည်။ သူနှင့် အားမာန်တို့ နှစ်ယောက်ကြားမှာတော့ ပြုတ်ကျကွဲအက်သွားသော ဖန်ခွက်တစ်ခုလို အက်ကြောင်းနက်နက်ထင်လာခဲ့သည်။

ခေါင်းထဲမှာ အလွတ်ရနေသော လိပ်စာတစ်ခုသို့ သူရိန်ကားကို တရကြမ်းမောင်းထွက်ခဲ့သည်။ အားမာန်အခန်းကို သန့်ရှင်းရေးလုပ်ပေးစဉ် အားမာန်တက်ရောက်ခဲ့သော ကျောင်းနှင့် ကျောင်းဆရာမတစ်ချို့လိပ်စာများကို အမှတ်မထင်တွေ့ခဲ့ရဖူးသည်။ သူရိန် တက်သော ကွန်ပျူတာသင်တန်းနားမှ အိမ်ရာတစ်ခုမို့ အမှတ်တမဲ့ သတိထားမိတာပါ။ အခုတော့ သူ့အတွက် အဖြေရှာမရသော ပုစ္ဆာတစ်ပုဒ်၏အဖြေကို သိနားလည်အောင် သူကြိုးစားရတော့မည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now