အပိုင်း ၉

7.9K 883 51
                                    

ထွတ်ငယ်လေးသည် အိမ်အောက်တွင် ဘောလုံးကန်ရင်း အပြင်သို့ လှမ်းကြည့်သည်။ ဘယ်မှမသွားရဘူးဟု မှာထားသော မိခင်စကားကြောင့် အိမ်ပြင်သို့ ထွက်သွားချင်သော်လည်း မသွားရဲ။ ခြံထောင့်ရှိ သရက်ပင်သို့ ညစ်ပေနေသော ဘောလုံးကို လှမ်းကန်လိုက်သည်။ ပင်စည်ကို တန်းခနဲမှန်ကာ ပြန်ကန်ထွက်လာသော ဘောလုံးနောက်သို့ ပြေးလိုက်သည်။

သာမာန်အားဖြစ် တိတ်ဆိတ်နေတတ်သော တဲအိမ်ပေါ်တွင် စကားသံများ ဆူညံနေသည်။ ရယ်သံများကိုပါ မကြာမကြာ ကြားရသည်။ မူးသံပါနေသော ရယ်သံများသည် နှစ်မြို့ဖွယ်မကောင်းတာကတော့ အမှန်ပင်။

'ထွတ်ငယ်.. မင်းဦးလေးရော'

ခြံ၀င်ထဲသို့ ၀င်လာသော်လည်း အိမ်ပေါ်တက်ချင်စိတ် မရှိသေးသောကြောင့် ဦးကျော်သည် ထွတ်ငယ်လေးကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။ ထွတ်ငယ်လေး လက်ညှိုးညွှန်ပြသော ခြံနောက်ဘက်သို့ ထွက်လာခဲ့သည်။ အသစ်စက်စက်ဖြစ်ကာ ရေမချရသေးသော ပုဆိုးကို ၀တ်လာသောကြောင့် တောင့်မာနေပြီး လမ်းလျှောက်ရသည်မှာ အဆင်မပြေ။ ဆံပင်ဖြူများကို အုန်းဆီလိမ်းထားသောကြောင့် ဆီရွှဲနေသည်။ မည်သူကမှ ဂရုတစိုက် ကြည့်ကြမည် မဟုတ်သော်လည်း ယနေ့သည် မင်္ဂလာရှိသောနေ့ဟု ယူဆသည့် ရှေးလူကြီးတစ်ယောက်ဖြစ်သောကြောင့် တတ်နိုင်သလောက် ကောင်းမွန်စွာ ၀တ်စားထားခြင်းဖြစ်သည်။

သူရိန်သည် အုန်းပင်တစ်ပင်၏ လက်ကျန်ဖြစ်သော သစ်ငုတ်ပေါ်တွင် ထိုင်နေသည်။ လက်ထဲတွင် ကျောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း စာကျက်နေခြင်းမဟုတ်နိုင်။ ဦးကျော်ကိုပင် ၀တ်ကျေတန်းကျေ ပြုံးမပြနိုင်လောက်အောင် မျက်နှာပျက်နေသည်။

'မင်းကွာ..ကိုယ့်အစ်မ မင်္ဂလာဆောင်မယ့်နေ့မှာ လူသေရုပ်မလုပ်စမ်းပါနဲ့'

'သတိမပေးစမ်းပါနဲ့ ဦးလေးရာ'

ခေါင်းငိုက်စိုက်ချရင်း ဖြေသည်။ မထင်မှတ်ထားသည့် ဘ၀အပြောင်းအလဲများသည် ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့။ အိမ်ပေါ်မှ ရယ်သံများကို ကြားရချိန် မျက်မှောင်ကုတ်ရင်း နှုတ်ခမ်းများကို ဖိကိုက်ထားရုံသာ တတ်နိုင်သည်။ နောက်ထပ် အရက်သမားတစ်ယောက်ကို လင်ယောက်ျားအဖြစ် ရွေးချယ်လိုက်သော အစ်မကို သူရိန် မတားနိုင်ခဲ့။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now