အပိုင်း ၂၂

6.2K 661 39
                                    

စိမ်းစိုသော မြက်ခင်းပြင်။ တောက်ပသော နေရောင်ခြည်။ ဝေဆာစွာဖူးပွင့်နေသော နှင်းဆီနီများနှင့် စပယ်ပန်းပွင့်ငယ်များ။ မြက်ခင်းပြင် အလယ်နားရှိ အလိုအလျှောက်ရေဖြန်းပိုက်လေးသည် ပတ်ချာလည်နေသည်။ ရေမှုန်ရေမွှားများကြားတွင် လှပသော သက်တန့်ပုံရိပ်လေး ထင်နေသည်။

နေ့လယ်စာ ထမင်းပွဲကို ခြံထဲရှိ အရိပ်ရသောနေရာတွင် ပြင်ဆင်ထားသည်။ စားပွဲ၀ိုင်းအလယ်တွင် စပျစ်သီး၊ လိမ္မော်သီးများ ထည့်ထားသော ကြွေပန်းကန်ကြီး ရှိသည်။ စားပြီးသောပန်းကန်များကို သင်းမာက သိမ်းနေသည်။ နွေးကတော့ ဖရဲသီးစိတ်ပန်းကန်ကြီးကို ယူကာ အိမ်ထဲမှ ထွက်လာသည်။

'သမီးရေ.. ရေစိုကုန်မယ်လေ။'

စိမ်းလဲ့လေးသည် မိခင်စကားကို ကြားသည့်ဟန်ပင် မပြ။ မြက်ခင်းပေါ်ရှိ ရေဖြန်းပိုက်နားမှာ ပြေးဆော့နေသည်။ ရေမှုန်များ မထိအောင်ရှောင်သည်။ ပြီးလျှင် အနားပြန်ကပ်သည်။ ထို့နောက် ထွက်ပြေးသည်။ တစ်ယောက်တည်း ရယ်ကာ ပျော်နေသည်။

'ဟယ် ဒီကလေးမလေး..'

'နေပါစေ နွေး။ ဆော့ပါစေ။'

စိမ်းလဲ့ကို သွားခေါ်ရန် ပြင်နေသော ဇနီးဖြစ်သူကို နေသား တားလိုက်သည်။ ဒီလိုမျိုး လွတ်လပ်မှုကို သူ ငယ်စဥ်က မခံစားခဲ့ရ။ အမြဲတစေ အမှားမရှိအောင်သာ သတိထားရှင်သန်ခဲ့ရသည်။ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမဆို မိဘ နှစ်ပါးအလိုကျ။ ငြိမ်ငြိမ်ထိုင်။ ယဥ်ယဥ်ကျေးကျေး ဖြေ။ ခွင့်မပြုလျှင် ဘာမှ မလုပ်နဲ့။ သူသည် လူသားတစ်ယောက် မဟုတ်ခဲ့။ လူတိုင်းမျက်လုံးထဲတွင် ခြောက်ပြစ်ကင်း သဲလဲစင်သည့် စက်ရုပ်ကလေးငယ်တစ်ယောက် ဖြစ်ခဲ့သည်။

'သင်း..ညီမလေး..'

'ဟုတ်ကဲ့။'

'ကိုယ်တို့ဘေးအိမ်က အိမ်ရောင်းမယ်တဲ့။'

'ဟုတ်လား။ စျေးကောင်းရမှာနော်။ ဒီနေရာက လိုချင်သူများတယ်။'

ရိုးလွန်းသည့် ခယ်မငယ်ကို စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ သူမ၏ ဘေးနားတွင် ထိုင်နေသော အားမာန်ကတော့ နားလည်လိမ့်မည်။ စူးခနဲ မော့ကြည့်သည့် အကြည့်သည် ဆန့်ကျင်ဖို့အဆင်သင့်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now