အပိုင်း ၁၄

7K 779 25
                                    

မိုးများက သည်းထန်စွာ ရွာသွန်းနေသည်။ ကားရှေ့မှန်မှ အချက်ညီညီ လှုပ်ရှားနေသော ကားမှန်၀ိုက်ဘာများသည် မိုးစက်များကို မြင်ကွင်းရှင်းအောင် မဖယ်ရှားနိုင်။ လင်းလက်သွားသော လျှပ်စီးရောင်ကြောင့် ကားထိုင်ခုံကို နောက်ကျောနှင့်ဖိကာ တစ်ကိုယ်လုံး တောင့်တင်းထားဖြစ်သည်။

ဂျိမ်း..၀ုန်း..

ကျယ်လောင်သော မိုးခြိမ်းသံသည် တစ်ခါတည်းနှင့် ရပ် မသွား။ ကြောက်မက်ဖွယ် မာန်ဖီသံများကို ဆက်တိုက်ထားခဲ့သည်။ မိုးခြိမ်းသံများထက် ကြောက်စရာကောင်းသူတစ်ယောက်သည် ကားမောင်းသူနေရာမှာ။

လှည့်မကြည့်ရဲ။ ကားလမ်းရှိရာ စူးစိုက်ကြည့်နေသော မျက်လုံးများ၏ အေးစက်မှုသည် မည်သည့်အရာကိုမှ မြင်ဟန်မတူ။ မျက်ခုံးတန်းတန်းများသည် စောင်းနေသည်။ နှုတ်ခမ်းများက တည်လွန်းသည်။ ယခုအချိန်တွင် ထိုသူသည် ဒေါသကို ထိန်းချုပ်ထားပေမယ့် သိပ်မကြာခင်မှာပဲ အထိန်းအကွပ်မရှိ ပေါက်ကွဲတော့မည်။

'သား တောင်းပန်ပါတယ် ဦးငယ်။'

ကြားသည့်ပုံမရှိ။ မျက်ရည်စို့လာသော မျက်လုံးများမှ အားငယ်မှုသည် အတိုင်းအဆမရှိ။ ကားလမ်းမကြီးတွင် အခြားမည်သည့်ကားမှ အသွားအလာမရှိပါ။ မြို့ပြင်ရှိရာ အိမ်ကြီးဆီသို့ ဦးတည်မောင်းနေခြင်းဖြစ်သည်။ ကားစတီရီယာတိုင်ကို ဆုပ်ကိုင်ထားသည့် လက်ဖမိုးများမှ သွေးကြောများ ထင်းနေသည်။

'ဘာကို တောင်းပန်တာလဲ။'

'ဦးငယ် ကျွန်တော့်ကို စိတ်ဆိုးနေတယ်။'

'ဒါကိုတော့ မင်းသိသားပဲ။'

အက်ကွဲသော ရယ်သံသည် မိစ္ဆာချောင်းဟန့်သံကဲ့သို့ပင်။

'ဒါပေမဲ့ ငါ ဘာလို့ စိတ်ဆိုးနေတယ်ဆိုတာကိုတော့ မင်း မသိဘူး မဟုတ်လား။'

ဖြေစရာစကားမရှိ။ သူ တကယ်ပင် မသိပါ။ ဦးငယ်နှင့် မိခင်ဖြစ်သူတို့ လက်ထပ်ခဲ့ကြသည်မှာ နှစ်တွေကြာခဲ့ပြီဖြစ်သလို တင်းကြပ်သော စည်းကမ်းစည်းမျဥ်းများအောက်တွင် ရှင်သန်ခဲ့ရသည်မှာ ကြာခဲ့ပြီ။ ဒေါသတကြီး ပြစ်ဒဏ်ပေးမှုများကိုလည်းကောင်း၊ အကြောင်းပြနှိပ်စက်မှုများကိုလည်းကောင်း ကြုံခဲ့ရပေါင်း များခဲ့ပြီ။ ရက်တွေကြာခဲ့ပြီ။ နှစ်တွေကြာခဲ့ပြီ။ ကလေးအရွယ်မှ လူငယ်အရွယ် ရောက်လာသည့်တိုင် ငယ်စဥ်ကလို ကြောက်ရွံ့နေဆဲ။ ထိုသူ၏ ခွင့်ပြုချက်မရဘဲ ယခုထက်တိုင် ဘာဆိုဘာမှ မလုပ်ရဲခဲ့။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now