Part 24

13.4K 1.2K 1
                                    

မနက်ခင်းနေရာင်ခြည်က နွေးထွေးစွာကျရောက်လို့နေသည်။

ပွင့်ချင်တိုင်းပွင့် ဖူးချင်တိုင်းဖူးနေသော ပန်းဖူးပန်းငုံများသည် နေရာင်အောက်မှ ဝေေ၀ဆာဆာ ဖူးပွင့်နေကြသည်။ လိပ်ပြာငယ်များ ပုစဉ်းကောင်များဖြင့် မနက်ခင်းအလှသည် ထူးခြားစွာတောက်ပနေသည်။

သူရိန် အိမ်ပေါ်ထပ် အားမာန်အခန်းရှိရာသို့ ခေါင်းမော့ကြည့်ကာ ပူပန်သောစိတ်ကို ထိန်းမရနိုင်။

တစ်ခါမှ အားမာန်ဒီလောက်နေမြင့်အောင် မအိပ်တက်။

ရုံးပိတ်ရက်များတွင်ပင် ခပ်စောစောထလေ့ရှိသူက ဒီနေ့လို ရုံးတက်ရက်ကိုတောင် အခုအချိန်အထိ မထနိုင်သေးတာ ထူးဆန်းနေသည်။ သွားနှိုးဖို့ကလည်း သူရိန်မျက်နှာနည်းနည်းပူနေသည်မို့ မသွားချင်။ ဟိုးတစ်နေ့ညနေက ကားထဲမှကိစ္စကို မနေ့တစ်နေ့ကလို စိတ်ထဲထင်မိကာ သူရိန် မလုံမလဲဖြစ်တုန်းပဲဖြစ်သည်။ ဘာမှမဖြစ်သလို အားမာန်ဟန်ဆောင်ဆက်ဆံပေမယ့် သူ့နှင့်အကြည့်မဆုံအောင် တမင်သတိထားနေသည်ကို သူရိန်သိသည်။

သင်းမာမွေးနေ့ပွဲပြီးကတည်းက ဘာကိုမှန်းမသိ သူရိန်အလိုမကျဖြစ်နေမိသည်။

တကယ်ဆို သူနှင့်အားမာန်ကြားမှာ ပွင့်ပွင့်လင်းလင်းမကြေငြာသည်ကလွဲ၍ တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်ပြီးသားဟု သူရိန်ထင်သည်။ မိမိကိုယ်ကို အချိန်ကာလတစ်ခုကြာအောင် ကွေ့ဝိုက်ညာနေခဲ့ပေမယ့် အားမာန်နှင့် စတွေ့သည့်နေ့ကတည်းက အားမာန်အပေါ်မှာ ထားရှိသည့် သူရိန့်သဘောထားက ဘယ်တုန်းကမှ ရိုးသားမှုမရှိခဲ့တာ သေချာပါသည်။ ပြီးတော့ သူတို့နှစ်ယောက်ကြားမှာ ဘာမှဖုန်းကွယ်ဟန်ဆောင်စရာမလိုတော့ဟု သူရိန်ထင်သည်။

အေးစက် ချိုခါးသော အားမာန် နှုတ်ခမ်းများကို သူရိန်အခုအချိန်အထိ ပြင်းထန်စွာ မှတ်မိနေသေးသည်။

ခက်သည်က အားမာန်။

ရှေ့တစ်လှမ်းတိုးမည် ဟန်ပြင်ပြီးတိုင်း ခြေဆယ်လှမ်းလောက် နောက်ဆုတ်သွားတတ်သည်ကို သူ နားမလည်။

ပြီးတော့ မွေးနေ့ပွဲညမှစ၍ အားမာန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်ဟူ၍ မရှိတော့ခြင်းပင်။ အတော်ညည့်နက်သည်အထိ အားမာန်အခန်းမှ မီးလင်းနေသည်ကို တစ်အိမ်တည်း နေသူမို့ သူရိန်သတိထားမိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now