အပိုင်း ၇

8.1K 927 15
                                    

ညနေခင်းအချိန်ကတည်းက တိုက်ခတ်နေသော လေပြင်းသည် ညအချိန်ရောက်သည်အထိ မရပ်တန့်သေးဘဲ ပိုပြီးပြင်းထန်လာသည်။ ပြတင်းတံခါးများကို အပြင်မှ လက်မည်းကြီးများဖြစ် တွန်းနေသလို တဂျိန်းဂျိန်းမြည်နေသည်။ သစ်သားတံခါးများကို ထိန်းချုပ်ထားသော သော့ဂျက်များ၏ အော်ညည်းသံသည် ခြောက်ခြားဖွယ်အတိ။

အိမ်ကြီး၏ ဧည့်ခန်းသည် ကျယ်၀န်းလွန်းသောကြောင့် မီးရောင်မှိန်မှိန်သည် ထိန်ထိန်မလင်းနိုင်။ ခြံကျယ်ကြီးနှင့်နှစ်ထပ်အိမ်ကြီးကို အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သောကြောင့် ဧည့်ခန်းနံရံတွင် အုတ်ချပ်ကာထားသော သစ်သားမီးဖိုကြီးရှိသည်။ လေပြင်းကာ လျှပ်စစ်မီးကြိုးများ ပြတ်တောက်နေကာ အိမ်ကြီးတစ်ခုလုံးတွင် မီးဖိုကြီးထဲမှ ထင်းမီးအလင်းရောင်သာ ရှိသည်။

၀ုန်း

ဟီး..ဟီး..ဟီး..

သစ်ကိုင်းကျိုးသံနှင့် မြင်းဟီသံသည် တဆက်တည်း ထွက်ပေါ်လာသည်။ သားရေဆိုဖာထိုင်ခုံကြီးပေါ်တွင် ထိုင်နေသော ကောင်လေးသည် ကြောက်ရွံ့မှုကြောင့် တုန်သွားသည်။ အိမ်ကြီး၏ တံခါးကို စိုက်ကြည့်နေသော မျက်ရည်များ၀ိုင်းနေသည့် မျက်လုံးများသည် ပြူးကျယ်နေသည်။ ဖြူဆုတ်နေသော မျက်နှာပြင်တွင် သွေးမရှိ။

ကျွီ..

အိမ်ပြင်မှ တစ်စုံတစ်ယောက်က တွန်းဖွင့်နေသောကြောင့် အိမ်ကြီး၏၀င်ပေါက်ဖြစ်သော သစ်သားတံခါးချပ်ကြီးသည် ‌လေးလေးပင်ပင်ရွေ့ကာ ပွင့်လာသည်။ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်၀င်လာသည်။ ထိုသူသည် ပါးသိုင်းမွှေးစိမ်းစိမ်းနှင့် ယောက်ျားပီသသောရုပ်ရည်၊ ပိန်သည်ထင်ရသော်လည်း ကျစ်လစ်သည့် ကိုယ်ခန္ဓာပိုင်ရှင် ဖြစ်သည်။ ဆိုဖာပေါ်မှ ကောင်လေးကို လှမ်းကြည့်သော အကြည့်ကတော့ ဆာလောင်နေသော မြွေဟောက်တစ်ကောင်လို အသက်မပါဘဲ အေးစက်သည်။

ဧည့်ခန်းကို ဖြတ်ကာ မီးဖိုရှိရာသို့ လျှောက်သွားသည်။ တိတ်ဆိတ်နေသော ဧည့်ခန်းကျယ်ကြီးတွင် ခြေသံသည် လိုအပ်သည်ထက်ပိုမို ကျယ်လောင်နေသည်။ မီးတောက်များကို သံချွန်ဖြစ် ထိုးဖွနေသော ထိုသူသည် ကျောခိုင်းထားသော်လည်း ကောင်လေးမှာ နေစရာမရှိအောင် ကြောက်နေသလို ဆိုဖာနှင့် ကျောကို ကပ်ထားသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now