Part 9

13.3K 1.3K 1
                                    

'ဆိုက္ကားအားလား'

'အားတယ် ဆရာ.. တစ်စီးလား နှစ်စီးလား'

'နှစ်စီး'

ဦးကျော်နှင့် အားမာန်ဘေးမှ မျက်မှန်နှင့်အစ်ကိုကြီး တို့ အခြေအတင် ပြောနေသည်မို့ သူရိန်ခေါင်းကြီးသွားသည်။

ဟင့်အင်း.. ။

သူ အားမာန်တို့ကို လိုက်မပို့ချင်ပါ။

'သူရိန်.. လာ.. ကောင်လေး'

ဦးကျော်သူ့ပခုံးကို လှမ်းပုတ်လိုက်၍ စိတ်ညစ်ညူးစွာ ထရပ်လိုက်ရသည်။

'သူရိန်'

နီရဲနေသော အားမာန်မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည့် ခဏ သူရိန် ချက်ချင်းမျက်နှာလွှဲလိုက်မိသည်။ ဒါပေမယ့် အားမာန်သူ့ကိုမှတ်မိလိုက်သည်ဆိုတာကို အရောင်ပြောင်းသွားသော မျက်ဝန်းတွေက သက်သေခံနေသည်။

မျက်နှာ ပျက်နေသော သူတို့နှစ်ယောက်ကို လှမ်းကြည့်ရင်း ဇေယျ မျက်မှောင်ကုတ်မိသွားသည်။

အားမာန်ကိုတစ်တောင်နှင့်တွတ်ကာ မျက်ခုံးပင့် မေးကြည့်တော့ အားမာန်ခေါင်းညိတ်ပြသည်မို့ နေ့လည်ကတွေ့ခဲ့သည်ဆိုသည့် ကောင်လေးမှန်းချက်ချင်းသဘောပေါက်လိုက်သည်။

သူရိန်

တစ်နေ့လည်ခင်မင်ရရုံနှင့် အားမာန်အပေါ်ဒီလောက်လွှမ်းမိုးနိုင်သည့် ကောင်လေးသည် ဒီလိုဆိုက္ကားဆရာ ခပ်နွမ်းနွမ်းလေးဟု ဇေယျမထင်ထားခဲ့။ မှုန်ကုတ်နေသည့် မျက်ခုံးနှစ်ဖက်ကြောင့် သူရိန်တော်တော် စိတ်ရှုပ်နေမှန်း သိသာသည်။

'ကိုယ်တို့ကို ဂန္ဓာမာဟိုတယ်ပို့ပေးဦး ကောင်လေး'

အားမာန်ကတိတ်ဆိတ်နေ၍ ဇေယျသာဝင်ပြောလိုက်ရသည်။

'ဟုတ်'

'ဒီကောင်လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး ညီလေး.. တစ်ချက် လောက်ကူပါဦး'

သူရိန်သက်ပြင်းတစ်ချက်ရှိုက်ကာ အားမာန်လက်ကို ခပ်ဆောင့်ဆောင့် လှမ်းဆွဲလိုက်သည်။

'ကြမ်းလှချည်လား'

နားရွက်နားမှ ကပ်ပြောလိုက်သော အားမာန်လေသံတိုးတိုးကြောင့် သူရိန်နားရွက်ဖျားများ နီရဲသွားသည်အထိ ရှက်ဒေါသထွက်သွားမိသည်။ ဆိုက္ကားထိုင်ခုံပေါ် အားနှင့်တွန်းချလိုက်မိသည်။ အရေးကြီးသည်က သူတို့သွားချင်သည့်နေရာကို အရောက်ပို့ပေးပြီး သူရိန့်တာဝန်ကျေဖို့ပင်ဖြစ်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now