အပိုင်း ၁၃

7.7K 812 71
                                    

စားပွဲပေါ်တင်ထားသော ကော်ဖီခွက်ကို လှမ်းယူကာ မော့သောက်လိုက်သည်။ ခါးစိမ့်စိမ့် ကော်ဖီသည် နေ့လယ်ခင်းအချိန် ထိုင်းမှိုင်းမှုများကို ယူပစ်လိုက်သလို ဖယ်ဖျက်နိုင်စွမ်းရှိသည်။

'ကျွန်တော် သဘောတူတယ်။ ဒါ ကောင်းတဲ့ အလုပ်ပဲ။'

အင်္ဂလိပ်ဘာသာနှင့် ပြောလိုက်ခြင်းဖြစ်သည်။ မျက်နှာချင်းဆိုင်ရှိ တစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်နေသော ဂျာမန်အမျိုးသမီးကြီးက နှစ်လိုဖွယ်ပြုံးကာ အင်္ဂလိပ်လိုပင် ကျွမ်းကျင်စွာ ပြန်ဖြေသည်။

'မာန် သဘောတူလိမ့်မယ်ဆိုတာ သိပါတယ်။ ဟိုတယ်အတွက်ရော ၀န်ထမ်းတွေ အတွက်ပါ အကျိုးရှိတယ်။'

မိခင်ထံမှ ချစ်ခြင်းမေတ္တာကို မရရှိခဲ့သော အားမာန်အတွက် အစားထိုးပိုင်ဆိုင်ရမှုသည်မြန်မာနိုင်ငံ၏ အထင်ကရ နေရာများရှိ ဟိုတယ်ကြီး လေးခု ဖြစ်ခဲ့သည်။ နိုင်ငံတကာ စံချိန်မီနိုင်စေရန် ကြိုးပမ်းမှုတွင် အထွေထွေမန်နေဂျာဖြစ်သော ဒီအမျိုးသီးကြီး၏ ကြိုးစားမှုသည် အဓိက ကျသည်။ မိခင်လက်ထက်ကတည်းက စိတ်ချယုံကြည်ခဲ့ရသူ။ အတွေ့အကြုံပိုင်းတွင် ရင့်ကျက်ရုံမက မြန်မာနိုင်ငံအပေါ်တွင် သံယောဇဥ်ကြီးသူ။

'သင်တန်းကာလက ဘယ်လောက် ကြာနိုင်မလဲ။'

'ခြောက်လ'

'အင်း.. ကြာသားပဲ။ ကျွန်တော်က တစ်လ၊ နှစ်လလောက်ထင်နေတာ။'

'သင်တန်းက သုံးလပါပဲ။ ပြီးရင် ဟိုက ဟိုတယ်တွေမှာ လက်တွေ့၀င်လုပ်ပြီး အတွေ့အကြုံရဖို့ နောက်ထပ် သုံးလကိုပါ ထည့်တွက်ထားတာ။'

ကော်ဖီခွက်ကို စားပွဲပေါ် ပြန်တင်ပြီး အားမာန် ခေါင်းညိတ်သည်။ သင်တန်းခန်းမထဲ သူများပြောသမျှ နားထောင်ရသည်ထက် လက်တွေ့လုပ်ငန်းခွင်သည် များစွာ အကျိုးရှိသည်။ ပြည်ပဟိုတယ်များမှ အတွေ့အကြုံသည် ၀န်ထမ်းများအတွက် အကျိုးရှိသည်။ ပြည်ပတွင် သွားတက်ရမည့် သင်တန်းကုန်ကျစရိတ် အားလုံးကို မိမိက ကျခံရမည်ဖြစ်ပေမယ့် လက်မခံနိုင်စရာမရှိ။ အနာဂတ်တွင် ရေရှည်အကျိုးရှိသည့် ကိစ္စတစ်ရပ်ပင်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now